မြစ်ကြီးနားမြို့ရှိ ဒုက္ခသည်စခန်းအချို့တွင် ရိက္ခာပြတ်လပ်နေ

မြစ်ကြီးနားမြို့ရှိ ဒုက္ခသည်စခန်းအချို့တွင် ရိက္ခာပြတ်လပ်နေ
by -
ကေအဲန်ဂျီ

ကမ္ဘာ့စားနပ်ရိပ်က္ခာအဖွဲ့ (World Food Program) မှလစဉ်ကူညီပံ့ပိုးပေးနေသော ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဒုက္ခသည်စခန်း ၃ ခုတွင် အခြေခံအစားအစာများ ပုံမှန်ရရှိနေသည့်အချိန်အတွင်း ရောက်ရှိမလာသေးသောကြောင့် စခန်းအချို့အခက်အခဲကြံုတွေ့နေရကြောင်းသိရသည်။

ထိုစခန်းများမှာ တပ်ကုန်းနှစ်ခြင်းအသင်းတော်ဒုက္ခသည်စခန်း၊ အင်ဂျန်ဒုန်နှစ်ခြင်းအသင်း တော်ဒုက္ခသည် စခန်းနှင့် စံပြနှစ်ခြင်းအသင်းတော် ဒုက္ခသည်စခန်းများတွင်ဖြစ်ကြောင်းသိရသည်။

“သူတို့ရောက်မလာလို့ဆန်တွေမနက်ဖြန်ကနေစပြီးဝယ်စားရတော့မယ်၊ အကြွေးနဲ့ယူဖို့ ရင်းနှီးတဲ့အသိဆန် ဆိုင်နဲ့ညှိထားတယ်၊ ထမင်းစားရတော့ မယ်ဆိုတော့ ဘယ်လိုမှမတတ်နိုင်ဘူး ဒီကြားထဲမှာရတဲ့ အလှူငွေ တချို့နဲ့ဖြေရှင်းထားတယ် ဒါလည်းကုန်ပြီလေ” ဟု တပ်ကုန်းရပ်ကွက် စံပြနှစ်ခြင်းအသင်းတော် စခန်း တာဝန်ခံ ဆရာနော်ဆိုင်း ကပြောသည်။

အဆိုပါ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှပံ့ပိုးပေးနေသော အခြေခံအစားအစာများဖြစ်သော ဆန်၊ ဆီ၊ ဆားနှင့်ကုလားပဲများနှင့် မြို့ပေါ်ရှိဒုက္ခသည်များက အစားအသောက်အတွက် အမှီပြုစားသောက်နေကြ ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၄ မှစ၍ ပြင်ပမှ ၀ယ်ယူစားသောက်ရမည်ဖြစ်ကြောင်း စခန်းတာဝန်ရှိသူများကပြော သည်။

ဆရာနော်ဆိုင်းက “လဆန်းပိုင်း ၅ ရက်နဲ့ ၁၀ ရက်ကြားမှာ အချက်အလက်အသစ် လာကောက်ခံတယ် ၁၀ ရက် ကျော်လောက်မှာ ဒုက္ခသည်တစ်ဦးအတွက် ခွဲတမ်းစာလာပေးနေကျဖြစ်တယ်၊ ဒီလက သူတို့ လာပေးနေကျအချိန်မှာ ရောက်မလာနိုင်တာ တစ်ပတ်လောက်ရှိနေပြီ၊ အခုထိရောက်မလာသေးဘူးဆိုတော့ အစားအသောက် ပြတ်သွားတယ်၊ သူတို့ပေးတဲ့အကူအညီကိုပဲ အဓိက မှီခိုစားသောက်နေရတာပါ၊ တခြားကဝင်တာလည်းမရှိဘူး၊ တချို့စခန်းတွေလည်း ကျွန်တော်တို့စခန်းကို မေးမြန်းလာတာတွေ ရှိတယ်” ဟု ပြောသည်။

ထို့အပြင် ဒုက္ခသည်များသည်လည်း အကူအညီရောက်မလာခြင်းကြောင့် စိတ်ပူပန်နေကြရပြီး၊ ကျောင်းသား များသော အိမ်ထောင်များမှာ ပို၍အခက်ကြံုခဲ့နေရကြောင်း ဒုက္ခသည်စခန်းမှ မိသားစု ၉ ဦးရှိသူ ဦးလထော်တူး (Slg. Lahtaw Tu) ကပြောသည်။

သူက “အရင်ကကလေးတွေ ကျောင်းသွားဆိုရင် ထမင်းကြော်ပေးလိုက်တယ်၊ အခုဆီမစားရတာတောင် နှစ်ပတ်ကျော်နေပြီဆိုတော့ ဘယ်လိုမှမလုပ်တတ်ဘူး၊ ကလေးတွေကိုလည်းထမင်း ကောင်းကောင်း မကျွေးလိုက်ရဘူူး၊ အပြင်ထွက်ပြီးပိုက်ဆံရအောင် ဆိုလည်း ဘယ်မှာသွားရှာမယ်မသိတော့ခက်နေတယ်” ဟု ပြောသည်။

နို၀င်ဘာ ၂၂ ရက်နေ့တွင် မြစ်ကြီးနား ရိုမင်ကက်သလစ် ‘ကရုဏာအဖွဲ့’ မှ တာဝန်ခံတစ်ဦးက စခန်းအတွင်း ရင်ဆိုင်နေရသည့်အခြေအနေများကို အချက်အလက်အသစ်များလာရောက်ကောက်ခံရန်ဆိုသော်လည်း ညွှန်ကြားချက်ရောက်မလာခြင်းကြောင့် စခန်းများတွင် Data အသစ်များ လာရောက် မကောက်ခံခဲ့ပေ။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုုပ် (KBC) အတွင်းရှိသော ဒုက္ခသည်စခန်းများတွင် ကူညီပေးနေသည့် အဖွဲ့များမှာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှ ရုံးအသေးသုံးများ ထောက်ပံ့ပေးနေပြီး၊ WASH အဖွဲ့မှ လစဉ် ကျပ် ၁ သန်းနှင့် OXFAM မှ သန့်ရှင်းရေး အသုံးအဆောင်များနှင့် ကမ္ဘာ့စားနှပ်ရိက္ခာအဖွဲ့ (WFP) မှ အခြေခံအစားအစာများ ထောက်ပံ့ပေးကာ၊ ခရစ်ယာန်အသင်းများက လိုအပ်သောအကူအညီများ ထောက်ပ့ံပေးနေခြင်းဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့နှင့် ၀ိုင်းမော်မြို့တို့တွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အတွင်းရှိ ဒုက္ခသည် လူဦးရေစုစုပေါင်းမှာ ရ၀၀၀ ကျော် ရှိပြီး စခန်းပေါင်း (၂၁)ခုရှိကြောင်းသိရသည်ဟု ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များကပြောသည်။

Most read this week