အစိုးရတပ် ၀ုိင်းရံတိုက်ခိုက်မှုတွင် KIA တပ်ဖွဲ့ဝင် ၂ ဦးကျ

အစိုးရတပ် ၀ုိင်းရံတိုက်ခိုက်မှုတွင် KIA တပ်ဖွဲ့ဝင် ၂ ဦးကျ
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်တောင်ပိုင်း ဗန်းမော်ခရိုင် မန်စီမြို့နယ်ရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တပ်မဟာ (၃) တပ်ရင်း (၁၂) ဒေသတွင် အစိုးရတပ်များအား ချောင်းပစ်ခြင်း၊ ဝင်ရောက်ပစ်ခတ်ခြင်းမပြုရန် KIO ဗဟိုဌာနချုပ်မှ ညွှန်ကြားထားရာ နိုဝင်ဘာ၂၃ ရက် ရက်နေ့တွင် အစိုးရဖက်မှ ၀ုိင်းရံတိုက်ခိုက်မှုကြောင့်  KIA တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ကျဆုံးကာ အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

တိုက်ပွဲသည် နံနက် ၁၀ နာရီကျော်မှ နမ်လင်းပါရွာအနီး ပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး KIA တပ်ရင်း (၁၂) မှ ဗိုလ်ကြီး ဖေါ်ဒေခမ်းမာ် (Hpaude Hkang Maw)နှင့် တပ်သား ပလိုင်း နော်လိုင် (Palai Naw Lai) ထိခိုက်ကျဆုံးခဲ့ကြောင်း တပ်ရင်း ၁၂ တပ်ရင်း မှူးဗိုလ်မှူး ဂျွန်းအောင် KNG ကချင်သတင်းဌာန သို့ပြောသည်။

ဗိုလ်မှူး ဂျွန်းအောင်က “ကျနော်တို့သွားနေကြလမ်းမှာ အစိုးရတပ်တွေကအသင့်ရှိနေပြီးတော့ ကျနော်တို့ကို ပစ်တာ သူတို့ဝိုင်းထားတဲ့ အထဲဝင်သွားမိတယ် တိုက်ပွဲစဖြစ်လာချိန်မှာ ကျဆုံးခဲ့တာပါ တိုက်ပွဲက ပြင်းထန် တယ် ညနေမိုးချုပ်တဲ့ အထိပစ်တယ် ၁ ဦးက ခေါင်းမှာ ဒဏ်ရာနည်းနည်း ရသွားတယ်”ဟု ပြောသည်။

အထက်ညွှန်ကြားချက်ကြောင့် နှစ်ဖက်တပ်မှ ပစ်ခတ်မှုသည် ယနေ့ ခေတ္တငြိမ်သက်နေသော်လည်း ပေါက်ကွဲမှု များဆက်တိုက်ဖြစ်ပွားနေပြီး အစိုးရတပ်မှ စစ်အင်အားများတိုးချဲ့ကာ ထိုးစစ်ဆင်နေကြောင်း ပြောသည်။

ထို့ပြင် နောက်ထပ် အစိုးရတပ် စစ်ကြောင်း ၁ ကြောင်းသည် ကိုင်ထိပ် (Kai Htik)မှ အူလန်ပါ (U Lang Pa)သို့ ထပ်မံရောက်ရှိနေသောကြောင့် နမ်လင်းပါ (Nam Lim Pa)သို့ ရောက်ရှိလာနိုင်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း KIA မှခန့်မှန်းထားသည်။

တိုက်ပွဲကြောင့် ရွာသားများထွက်ပြေးနေဆဲဖြစ်ပြီး ဆဂနမ်ခွမ် (Saga Nam Hkum) အထက် တရုတ်နယ် စပ်ရှိ လွန်ဆိုင် (Loi Seng) ဒွန်ဟူ (Dun Hu) ရွာမှ ရွာသား ၁၀၀ ကျော်သည်လည်း မန်ဝင်းကြီး လဂါတ်ယန် ဒုက္ခသည်စခန်းသို့ ခြေလျင််ဖြင့်ထွက်ပြေးတိိမ်းရှောင်နေပြီဖြစ်ကြောင်းသိရသည်။

အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၁၂) ကြား ၂ လကျော် ဖြစ်ပွားသောတိုက်ပွဲ တွင် KIA မှ ကျဆုံးသူ ၁၀ ကျော်၊ ဒဏ်ရာရသူ ၁၀ ကျော်ရှိပြီး ကျေးရွာပေါင်း ၂၀ ကျော်နောက်ဆုတ်ထား ကြောင်း သိရသည်။

နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့်ပတ်သက်၍ အစိုးရဖက်သို့ အတည်ပြုမေးမြန်းရာတွင် ဆက်သွယ်မှု မရရှိခဲ့ပါ။ စစ်ရေးဖက်တွင်တင်းမာမှုများရှိသော်လည်း တဖက်တွင် နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်ဆွေးနွေး၍ အဖြေရှာရန်သာဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များကပြောသည်။

Most read this week