လူကုန်ကူးမှု ကြိုတင်ကာကွယ် တားဆီးရေး အသိပညာပေးဟောပြောပွဲ မြစ်ကြီးနားတွင်ပြုလုပ်

လူကုန်ကူးမှု ကြိုတင်ကာကွယ် တားဆီးရေး အသိပညာပေးဟောပြောပွဲ မြစ်ကြီးနားတွင်ပြုလုပ်
by -
ကေအဲန်ဂျီ

လူကုန်ကူးမှုပြဿနာများ နှစ်စဉ်ရင်ဆိုင်နေရသည့် ကချင်ပြည် မြစ်ကြီးနားမြို့တွင် ပြည်နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့မှကြီးမှူး၍ လူကုန်ကူးမှုတားဆီးရေးအသိပညာပေးဟောပြောပွဲကို တပ်ကုန်း ရပ်ကွက် အုပ်ချုပ်ရေးရုံးတွင် ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။

မြစ်ကြီးနားမြို့တွင် လူကုန်ကူးမှု ပြစ်မှုများသည် နှစ်စဉ် ၁၅ မှုမှ ၃၀ မှုအထိ် ဖြစ်ပေါ်နေပြီး ထိုပြစ်မှုများကို ကြိုတင်ကာကွယ်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ပညာပေးဟောပြောပွဲတွင် အမှတ် (၁) ရဲစခန်းမှူး ဦးမြင့်ကြူက ပို့ချခဲ့သည်။

တပ်ကုန်းရပ်ကွက်မှာ ပြုလုပ်တဲ့ လူကုန်ကူးမှုတားဆီးရေး အသိပညာပေးဟောပြေပွဲကို မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းမှူး ဦးမြင့်ကြူက ပို့ချပေးနေပုံ။

“ကချင်ပြည်နယ်ထဲမှာ လူကုန်ကူးခံရတာက မသိနားမလည်တဲ့သူတွေကို၊ လိမ်ညာပြီးတော့ နည်းမျိုးစုံနဲ့စည်း ရုံးသိမ်းသွင်းတယ် ပြီးတော့ ရောင်းစားတယ် အဲဒီလိုရောင်းစားတဲ့ဖြစ်စဉ်တွေ ကိုမသိတဲ့အခါကျတော့ ဒီလိုမျိုးမဖြစ်အောင်လို ဘယ်လုပ်ရမလဲ၊ လူကုန်ကူးမှုဖြစ်ပြီးမှ ပြန်ပြီးကယ်တင်နိုင်တာထက်စာရင် မဖြစ်ခင် မှာကြိုတင်တားဆီးနိုင်အောင် လူကုန်ကူးမှုကို မဖြစ်အောင်တား ဆီးကာကွယ်နိုင်မှုဆိုတာဘာလဲ၊ တွေ့ရှိနိုင်မှုနည်းလမ်းတွေဟာ ဘာလဲဆိုတာကိုသိရှိစေဖို့အတွက်ဖြစ်တယ်” ဟုဆိုသည်။

အဆိုပါဟောပြောပွဲတွင် ပို့ချခဲ့သော ခေါင်းစဉ်များမှာ လူကုန်ကူးမှုနှင့်ပတ်သက်၍ သိကောင်းစရာများ၊ လူကုန်ကူးမှု၏ လုပ်ငန်းစဉ် (၃)ဆင့်၊ လူကုန်ကူးမှုပေါ်ပေါက်လာပုံ၊ မည်သူတွေလူကုန်ကူးခံရနိုင်သလဲ၊ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးခံရခြင်းကြောင့်ရရှိသော အကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်စေသောဆိုးကျိုးများနှင့် နိုင်ငံအပေါ်ထိခိုက်စေသော ဆိုးကျိုးများ စသည်တို့ကို ရှင်းလင်းပို့ချခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့အား ၂၀၁၃ ခုနှစ် ဧပြီလ ၁ရက် နေ့တွင် အထူးအဖွဲ့ဝင် (၃၁)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး၊ ကချင်ပြည်နယ်တပ်ဖွဲ့စုအောက်တွင် မြစ်ကြီးနားတပ်ဖွဲ့လေး၊ ဗန်းမော်တပ်ဖွဲ့လေးနှင့် လွယ်ဂျယ်တပ်ဖွဲ့လေး အသီးသီးဖွဲ့စည်းထားကာ၊ မြစ်ကြီးနားတပ်ဖွဲ့လေးတွင် မိုးညှင်းမြို့တပ်ဖွဲ့ရုံး၊ ပူတာအိုမြို့ တပ်ဖွဲ့ရုံးနှင့် မြစ်ကြီးနားမြို့တပ်ဖွဲ့ရုံး စသည်ဖြင့်ဖွဲ့စည်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအမြဲတမ်းအဖွဲ့ဝင်များအဖြစ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး၊ ကြက်ခြေနီအသင်း၊ နယ်ထိန်းစောင့်ကြည့်ရေးအဖွဲ့၊ အရံမီးသတ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများပါ၀င်နေမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွင် တပ်ကုန်းရပ်ကွက် နယ်မြေ (၁၃)ခု မှ ဒေသခံမိဘပြည်သူများ (၁၆၀) ကျော်တက်ရောက်ခဲ့ပြီး၊ မြစ်ကြီးနားမြို့တပ်ဖွဲ့ရုံးခန်းကိုလည်း တပ်ကုန်းတောင် ငြိမ်းချမ်းသာယာရေးကွင်းတွင် ဖွင့်လှစ်ထားကြောင်းသိရသည်။

လူကုန်ကူးမှုရင်ဆိုင်ရသောသူများတွင် အသက်မပြည့်သော အမျိုးသမီးငယ်များနှင့် အမျိုးသမီးများဖြစ်ပြီး ၄င်းတို့ကို နယ်စပ်ဒေသ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံများသို့ အများဆုံးရောင်းချခံရကြောင်း သိရသည်။

ထိုသို့ဖြင့် မြန်မာနိုင်ငံသားများ လူကုန်ကူးခံရနေခြင်းသည် စီးပွားရေးကျပ်တည်းခြင်းနှင့် အလုပ်အကိုင် ရှားပါးမှုပြဿနာများကြောင့် ဖြစ်သည်ဟု လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့က ပြောဆိုသည်။

Most read this week