အကူအညီပေးအဖွဲ့ကို အသုံးပြု၍ နမ်လင်းပါ ဒုက္ခသည်စခန်းအား အစိုးရတပ် သိမ်းပိုက်

အကူအညီပေးအဖွဲ့ကို အသုံးပြု၍ နမ်လင်းပါ ဒုက္ခသည်စခန်းအား အစိုးရတပ် သိမ်းပိုက်
by -
ကေအဲန်ဂျီ

 ကချင်ပြည်နယ်တောင်ပိုင်း ဗန်းမော်ခရိုင် မန်စီမြို့နယ်ရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ် မြေရှိ နမ်လင်းပါ (Nam Lim Pa) ဒုက္ခသည်စခန်းကို အစိုးရတပ်များသည် ဒုက္ခသည်အကူအညီပေး ရန် လာသော အစိုးရကြံ့ခိုင်ဖွ့ံဖြိုးရေးအဖွဲ့များကို အကာအကွယ်ယူကာ ရွာတွင်းသို့ ၀င်ရောက်လှုပ်ရှားသိမ်း ပိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းဒေသအခြေစိုက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၁၂) မှပြော သည်။

အာဏာရ အစိုးရကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ ညီအစ်မပါတီဖြစ်သော စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (UDPKS) အတွင်းရေးမှူး ဦးဖေါင်လားဂမ်ဖန် သည် နမ်လင်းပါဒေသခံဖြစ်ပြီးဒေသခံ ပြည်သူများကို တွေ့ဆုံကူညီချင်ကြောင်းပြောဆိုကာ တိုင်းရင်းသားပေါင်းစုံအယောက် ၃၀ ခန့်ဖြင့် ရွာသို့ ရောက်ရှိလာချိန် အစိုးရတပ်များလည်း လိုက်ပါခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်ပွဲကြောင့် မိုင်းခေါင် သို့ထွက်ပြေးလာတဲ့ မန်စီမြို့နယ် KIA တပ်ရင်း ၁၂ ဒေသမှ ကချင်ပြည်သူများ။

အဆိုပါ ဗန်းမော်ခရိုင် ကြ့ံခိုင်ဖွံ့ဖြိုးအဖွဲ့ကို ဦးဖေါင်လားဂမ်ဖန်နှင့် မန်စီမှ ဦးကွမ်ဆန့် (Slg Kum San) တို့ နှစ်ဦး ဦးဆောင်ကာ KIA နယ်မြေတွင်းသို့ တရားဝင်ရောက်နိုင်ရန်ညှိနှိုင်းပြီး နမ်လင်းပါ ဒုက္ခသည်စခန်းသို့ ကူညီပေးရန်ရောက်လာမည်ဟုဆိုကာ ‘ဂရုဏာ’ ရိုမင်ကက်သလစ် လူမှုရေးအကူညီပေးအဖွဲ့များနှင့်အတူ ၀င်ရောက်လာခဲ့ချိန် အစိုးရတပ်များလည်း နမ်လင်းပါကို အမိအရဝိုင်း၍ သိမ်းပိုက်ခြင်းကိုခံလိုက်ရခြင်းဖြစ် သည်ဟု KIA တပ်ရင်းမှူးပြောသည်။

“အရင်က အစိုးရတပ်တွေက နမ်လင်းပါကို ဝင်ချင်နေတာ အစိုးရတပ်က အကြမ်းနည်းနဲ့မရလို့ သူတို့ကို ရှေ့ပြေးလုပ်ခိုင်းလိုက်တာ။ ကျနော်တို့က အစိုးရတပ်တွေပါလာမယ်မထင်ဘူး လမ်းဖွင့်ပေးလိုက်တော့ ကျနော်တို့က လုံခြံုရေးမယူတော့ဘူး သေနတ် ၁ ချက်တောင်မပစ်လိုက်ဘူး သူတို့ဝင်သွားတာ” ဟု KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူးဂျွန်းအောင် ပြောသည်။

‘ဂရုဏာ’ အကူအညီပေးအဖွဲ့မှ ကူညီနေသည့် နမ်လင်းပါကျေးရွာတွင် ပြီးခဲ့တဲ့လအစောပိုင်းကတည်း က အစိုးရတပ်မှ လမ်းပိတ်လိုက်ခြင်းကြောင့် ဒေသခံ ဒုက္ခသည်များ အခက်ခဲရင်ဆိုင်နေရချိန် ထိုနေ့တွင် သွားရောက်ကူညီခွင့်ရချိန် ထိုသို့အစိုးရတပ်များပါ ဝင်ရောက်လာပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်လာခြင်းဖြစ် သည် ဟု ဒေသခံတဦးပြောသည်။

“အစိုးရတပ်တွေက အောက်လမ်းကနေရောက်နေတယ် ကူညီရေးအဖွဲ့က လမ်းမအတိုင်းလာတယ် အစိုးရတပ်က ရွာပြင်မှာအသင့်ဝိုင်းထားလိုက်တာ ကူညီရေးအဖွဲ့တွေရွာထဲဝင်လာတာနဲ့ အစိုးရတပ်တွေ တခါတည်းဝင်တော့ ရွာသားတွေက ရုန်းရင်းခတ်ဖြစ်လာပြီး ပစ်ခတ်မှုလည်းဖြစ်လာတော့တာဝန်ရှိသူတွေက ဘော်ဒါကျောင်း သူ/သားများနဲ့ ရွာသားတွေကို မန်ကောင်ရွာကိုခြေကျင်နဲ့ညမှာ ထွက်ပြေးတိမ်းရှောင် သွားရတာပါ” ဟု နမ်လင်းပါဒေသခံတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

နမ်လင်းပါရွာမှ မန်ဝင်းမြို့နယ် လဂါတ်ယန် ဒုက္ခသည်စခန်းသို့ ခြေကျင်ဖြင့် ၃ ရက်ကြာသွား ရသောခရီးဖြစ် ပြီး  ရွာသားများသည် အခက်ဒုက္ခများဖြင့်ခက်ခဲမှုများစွာရင်ဆိုင်ဖြတ်သန်း၍ ကျော်ဖြတ်ခဲ့ရကြောင်းထွက် ပြေးလာသော ဒေသခံတဦးပြောသည်။

“လမ်းမှာက အင်္ကျီအလဲအလှယ်လည်းမပါ ရေးဗူးမပါ ပိုက်ဆံလည်းမပါ ရွာထဲစစ်သားတွေ တခါထဲဝင်လာ တော့ ကြောက်ပြီးပြေးလာရတော့အသက်ကြီး လမ်းမလျှောက်နိုင်တဲ့သူတွေကို ပိုးတာက ပိုး၊ အို အရမ်း ဒုက္ခရောက်တယ် မိခင် ၁ ယောက်မှာ ကလေးက ၂ ယောက်ပိုး ဆွဲတာကဆွဲ အိတ်ကလွယ် အရမ်းခက်တယ် ကျောင်းသားရွာသား တွေလည်းအားလုံးပါတယ်”

ယခုချိန် ဂရုဏာအဖွဲ့မှ ကူညီပေးရန်ယူဆောင်လာသောပစ္စည်းများသည် နမ်လင်းပါဒုက္ခသည်စခန်းတွင် ရှိနေရစ်ခဲ့ပြီး ဆန်တင်ကား ၁ စင်းသည်လည်း အင်လုံဝလာ (N Lungwa La) ရွာတွင် ကားပျက်ပြီး ရှိနေကြောင်း သိရသည်။

ယမန်နေ့တွင် ကျောင်းသားအချို့ဒုက္ခသည်စခန်းသို့ ရောက်ရှိနေသော်လည်း အများစုသည် လမ်းခရီးတွင် ရှိနေဆဲဖြစ်ပြီး ကောင်းခါးပါ နှင့် ဂျေဆောန်မှ ရွာသား၁၀၀ ကျော်သည်လည်း မိုင်းခေါင်ဒုက္ခသည်စခန်းသို့ ခြေကျင်ဖြင့် ဆက်လက်ခရီးဆက်နေရကြောင်းဒေသခံများပြောသည်။

ယခုချိန် ရွာသားများထွက်ပြေးတိမ်းရှောင်သွားပြီးနောက် နမ်လင်းပါ (Nam Lim Pa) ရွာတွင် ယမန်နေ့ နိုဝင်ဘာ ၁၈ ရက်အတွင်း တိုက်ပွဲ ၃ ကြိမ်ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရသည်။

အစိုးရတပ်သည် KIA တပ်ရင်း (၁၂) ဒေသရှိ ရွာများတွင် အင်အားများဆက်လက်တိုးချဲ့ လှုပ်ရှားနေပြီး နှစ်ဖက်တပ်များဆက်လက်တင်းမာနေဆဲဖြစ်သည်။

Most read this week