တရုတ်မြန်မာနယ်စပ်တွင် မြန်မာကလေးငယ်နှစ်ဦး ပျောက်ဆုံး၊ တဦးအလောင်း ပြန်တွေ့

တရုတ်မြန်မာနယ်စပ်တွင် မြန်မာကလေးငယ်နှစ်ဦး ပျောက်ဆုံး၊ တဦးအလောင်း ပြန်တွေ့
တရုတ်နယ်စပ်မြို့ဖြစ်သည့် ကျယ်ဂေါင်သို့ သွားရောက်ပြီး ပလပ်စတစ်ဗူးခွံများကို ကောက်ယူသည့် မြန််မာ ကလေးငယ်နှစ်ဦး ပျောက်ဆုံးသွားပြီး ဆယ်နှစ်အရွယ် ကလေးအလောင်းကို ရွှေလီမြစ်အတွင်းသို့ ပြန်လည် တွေ့ရှိခဲ့ ...

တရုတ်နယ်စပ်မြို့ဖြစ်သည့် ကျယ်ဂေါင်သို့ သွားရောက်ပြီး ပလပ်စတစ်ဗူးခွံများကို ကောက်ယူသည့် မြန််မာ ကလေးငယ်နှစ်ဦး ပျောက်ဆုံးသွားပြီး ဆယ်နှစ်အရွယ် ကလေးအလောင်းကို ရွှေလီမြစ်အတွင်းသို့ ပြန်လည် တွေ့ရှိခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့မှ တရုတ်ပြည်၊ ကျယ်ဂေါင်မြို့သို့ သွားရောက်ကာ ပလပ်စတစ်ဗူးခွံ ကောက် နေသည့် မြန်မာမိသားစုမှ ကလေးငယ်နှစ်ဦးသည် မတ်လ၂၇ ရက်နေ့က ရုတ်တရက် ပျောက်ဆုံးသွားခဲ့ရာ မတ်လ ၃၀ ရက်နေ့တွင် ဆယ်နှစ်အရွယ် မြန်မာကလေးငယ်အလောင်းကို ရွှေလီမြစ်အတွင်း ပြန်လည် တွေ့ရှိခဲ့သည်။

မူဆယ်မြို့၊ ဂေါက်ကွင်းအနီးတွင် နေထိုင်ပြီး ကျပန်းလုပ်ကိုင်စားနေသည့် ဦးဝင်းဦး၏ သားနှစ်ဦးသည် ကျယ်ဂေါင်မြို့တွင် ပျောက်ဆုံးခဲ့သည်ဟု ဦးဝင်းဦးနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ ဦးဝင်းဦးက အရင်က ရွှေလီဘက်မှာ နေတာ။ မူဆယ်ဘက်ကို ရောက်လာတာ သိပ်မကြာ သေးဘူး။ သူ့မိန်းမရယ် အခုအလောင်းပြန်တွေ့တဲ့ ဆယ်နှစ်အရွယ် အကြီး ကောင်ရယ်၊ အငယ်ဆုံး ရှစ်လသားအရွယ်လေးရယ် ကျယ်ဂေါင်မှာ ဖျော်ရည်ဖူးခွံတို့ ဘာတို့ သွားကောက်တာ။ အဲဒီမှာ ပျောက်သွားတာ။ သူ့အမေက တနေရာ ကလေးက တနေရာ ရှိတုန်း အလစ်သုတ်သွားတာပေါ့။ ဟိုအကြီးကောင်တော့ တရုတ်စကား တတ်တယ်၊ လည်လည်ဝယ်ဝယ်လည်းရှိတော့ ရောင်းစားလို့ မရမှန်းသိတော့ သတ်လိုက် ပုံရတယ်။ ”

ယမန်နေ့ နေ့လည်ပိုင်းတွင် တရုတ်ရဲတပ်ဖွဲ့နှင့် မီးသတ်ဌာနတို့က အလောင်းအား ဆည်ယူခဲ့ပြီး ကျယ်ဂေါင် ရဲစခန်းသို့ သယ်ဆောင်သွားသည်ကို တွေ့ခဲ့ရကြောင်း ကျယ်ဂေါင် ဒေသခံတဦးက ပြောသည်။

“အခုရှိနေတဲ့ ရွှေလီမြစ်ကူးတံတားအသစ်နားမှာဘဲ အရင်တံတားဟောင်းရှိတယ်။ အုတ်တိုင် တွေဘဲ ရှိတော့တယ်။ အဲဒီအုတ်တိုင်ကြားထဲမှာ အလောင်းကို သွားထည့် ထားတာ။ အဲဒီမှာ အလောင်းကို ပြန်ထုတ်တာ အတော်လေးလုပ်ရတယ်။ လက်ပြန် ကြိုးတွေတုတ်ထားတယ်။ ပါးစပ်ကို အဝတ်နဲ့ ဆို့ထားတယ်။ ဒဏ်ရာတွေတော့ မမြင်ရဘူး။ အနားကို မကပ်ရဘူး ဆိုတော့။”

တရုတ်-မြန်မာနယ်စပ်တွင် ကလေးငယ်များခိုးပြီး ရောင်းစားသည့် လူခိုးဂိုဏ်းများရှိနေပြီး ကလေးငယ်များကို ဆိုင်ကယ်များဖြင့် လုယူထွက်ပြေး ခိုးယူမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
 

Most read this week