အသက် ရ နှစ်အရွယ် ကလေးမ အစိုးရစစ်သား၏ အဓ္ဓမပြုကျင့် ခံရ

အသက် ရ နှစ်အရွယ် ကလေးမ အစိုးရစစ်သား၏ အဓ္ဓမပြုကျင့် ခံရ
by -
ကေအဲန်ဂျီ

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) ဒေသ ပန်ဆိုင်း (ကြူကုတ်) မြို့အနီး ခလွမ်ရွာ (Hka Lum)ရှိ အသက် ရ နှစ် ကျော်အရွယ် ဒုတိယတန်း ကျောင်းသူတဦးအား နိုဝင်ဘာ ၁၁ ရက်နေ့တွင် အစိုးရ သိန္နီတပ် ခမရ- ၃၂၃ မှ ကိုဝင်းထွေးဆိုသူ အဓ္ဓမပြုကျင့်ခဲ့ကြောင်းသိရသည်။

အခင်းဖြစ်ပွားသောနေ့တွင် မိခင်ဖြစ်သူက ကောက်ရိပ်သွားရသောကြောင့် သမီးဖြစ်သူကို ညီမငယ်အား ထိန်းပေးရန် ကျောင်းမှ ခွင့်တိုုင်၍ နေရစ်ခဲ့ချိန် အဆိုပါစစ်သားက ၀င်ရောက်ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များမှသိရသည်။

မိခင်ဖြစ်သူသည် နေ့ခင်း ထမင်းစားချိန် အိပ်သို့ပြန်လာချိန် အဓ္ဓမပြုကျင့်ခံရသောသမီးက “သမီးကို မိန်းကလေး လား ယောကျ်ားလေး လားလို့မေးတယ် မိန်းကလေးလို့ပြောတော့ ပွေ့ပြီးအိမ်အထဲခေါ်သွား တယ် ပါးလဲရိုက်ပေးတယ် ညီမလေးကိုလည်း လွင့်ပစ်လိုက်တယ်” ဟု ပြန်ပြောပြခဲ့သောကြောင့် သိခဲ့ရခြင်းဖြစ်ကြောင်း အိမ်နီးချင်းအမျိုးသမီး ဒေါ်ရှဒန်ဂျာလဲန် (Nhkum jan Shadan Ja Len) KNG ကချင်သတင်းဌာန သို့ပြောသည်။

အဓ္ဓမပြုကျင့်ခဲ့သော တရားခံ စစ်သား ကိုဝင်းထွေး အသက် ၃၅ နှစ််ဝန်းကျင်သည် စစ်ဝတ်စုံဖြင့် ကျောပိုး အိတ်လွယ်ကာ လျှောက်သွားနေခဲ့သည်ကို ရွာသားများလည်းမြင်တွေ့ခဲ့ကြောင်းသိရသည်။

“ကျမတို့အိမ်နဲ့ သိပ်တော့မဝေးဘူး ဒါမဲ့သူအော်ငိုတာ ကျမ မကြားလိုက်ဘူး။ သူ့ညီမလေးကိုပွေ့ပြီး သူ့ညီမလေးက လည်းငို၊ သူလည်းငိုပြီး အဖွားအဖွားဆိုပြီးအော်ငိုပြေးလာပြီး ‘အဖွားကျမတို့အိမ်မှာ လူတယောက် ရောက်နေတယ် ကျမကိုသတ်မယ်လို့ပြောတယ် နင့်အမေတွေ ရောက်လာလျှင်ရင်လည်း သတ်မယ်လို့ပြောတယ်’ ဆိုပြီး လာပြောတာ” ဟု ဆက်ဆိုသည်။
 
ထိုချိန်အိမ်နီးနားမှ ဒေါ်ဝင်းကြည်ဆိုသူလည်း စစ်သားကိုတွေ့လိုက်ပြီး အိမ်တွင် ၁ ယောက်တည်း မနေရဲပဲထွက်လာကာ ဒေါ်ရှဒန်ဂျာလဲန် (Shadan Ja Len) နှင့် ၄င်းတို့ ၂ ဦးသည် ကလေးငယ်အိမ်သို့ လိုက်သွားကြည့်ရာ ထိုစစ်သားသည် ထိုင်နေကာ ‘ထမင်းလာတောင်းစားတာပါ’ ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

၄င်းစစ်သားကို မိသားစုဝင်များက ရပ်ရွာမှ သင်းထောက်ဆရာများ၊ ရွာသားများ၊ ရွာသူကြီးများကို အကူအညီတောင်းကာ လိုက်လံရှာဖွေပြီး ညနေတွင် ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ယခုချိန် အဆိုပါကလေးငယ်ကို ခလွမ်ရွာ (Hka Lum) ရှိဆေးရုံသို့ သွားရောက်စစ်ဆေးကုသပေးနေရာ ကလေးငယ်၏ လိင်အင်္ဂါများယောင်နေပြီး နာကျင်မှုခံစားနေရသောကြောင့် ကုသပေးနေဆဲဖြစ်ကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) လက်အောက် တပ်ရင်း ၃၆ နယ်မြေ ခလွမ်ရွာ (Hka Lum) အထက်တွင် အစိုးရတပ်များ တပ်ချထားခြင်းဖြစ်သည်။

Most read this week