ကုလအဖွဲ့များ အကူအညီရရှိသော်လည်း ဒုက္ခသည်များလိုအပ်မှုရှိနေဆဲ

ကုလအဖွဲ့များ အကူအညီရရှိသော်လည်း ဒုက္ခသည်များလိုအပ်မှုရှိနေဆဲ
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် တရုတ်နယ်စပ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဗဟိုဌာနချုပ်အတွင်းရှိ ကချင်စစ်ပြေး ဒုက္ခသည် စခန်းများတွင် ကုလသမဂ္ဂ (UN) အကူအညီပေးရေးအဖွဲ့ ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းသို့ ထပ်မံအကူညီပေးရန်ရောက်ရှိလာသော်လည်း ဒုက္ခသည်များလိုအပ်နေသောပစ္စည်း မရရှိသေးကြောင်းသိရသည်။

ယခုကူညီမှုတွင် အဓိကဒုက္ခသည်များလိုအပ်သော ဆန်၊ စောင်များမပါရှိသေးဘဲ အခြား ဆား၊ ပဲအမျိုးမျိုး၊ အဟာရဓာတ်များနှင့် Hygiene သန့်ရှင်းရေးပစ္စည်းများဖြစ်ကြောင်းသိရသည်။

အဆိုပါကုလသမဂ္ဂ (UN) အကူအညီ ပေးရေးအဖွဲ့သည် ယမန်နေ့ညတွင် လိုင်ဇာတွင်ရောက်ရှိပြီး ယနေ့ နံနက် ၉ နာရီခွဲချိန်တွင် ကုလသမဂ္ဂ (UN) ယာဉ်တန်း ၁၁ စင်းဖြင့် ဂျေယန့် ဒုက္ခသည်စခန်းသို့ ရောက်ရှိလာ ခြင်းဖြစ်ကြောင်း ဂျေယန့် ဒုက္ခသည်ကော်မတီအတွင်းရေးမှူး ဆလန်လဘန်နော်ဂျာက KNG ကချင်သတင်းဌာန သို့ပြောသည်။

“ဒီမနက် အလံတွေတံဆိပ်တွေပါတဲ့ အဖွဲ့အစည်းတွေစီးတဲ့ကားက ၄ စင်းဟုတ်တယ် ပစ္စည်းတင်တဲ့ ကားကြီးက ရ စင်း ကျနော်တို့ စခန်းထဲရောက်လာတာ ပစ္စည်းတွေက ဒီကနေ့ မဝေသေးဘူး နက်ဖြန် တဘက်ခါမှ ဝေမယ်ထင်တယ် ကျနော်တို့ အရမ်းပျော်ပါတယ် လူအများဆုံးစခန်းမှာ အရင်ကလည်းသိပ် မရတတ်တဲ့ Hygiene သန့်ရှင်းရေးပစ္စည်း တွေပါတယ် ဥပမာအသက်ကြီးသူအတွက် သေးအိုးတွေပေါ့ ဖြစ်နိုင်ရင်တော့ ဆောင်းတွင်းချိန်မှာ အနွေးထည်စောင်တွေက ပိုအရေးကြီးလိုအပ်တာပေါ့” ဟုဆိုသည်။

၎င်းအဖွဲ့ (၄)ဖွဲ့သည် ကမ္ဘာ့ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)၊ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)နှင့် ဒိန်းမတ်လူမှုရေးအဖွဲ့အစည်း(DRC) ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂယာဉ်တန်းသည် KIO ဗဟိုဌာနချုပ်အတွင်းရှိ ဖုန်လွမ်ယန် (Hpunglum Yang)၊ ဝေကြိုင် (Woi Chyai)၊ အမှတ်(၃)စျေး စသည့် စခန်းများတွင်လည်း ကူညီမည်ဖြစ်ပြီး ယနေ့နံနက်တွင် ဂျေယန့်ဒုက္ခသည်စခန်း သို့ ပထမဆုံးရောက်ရှိလာခြင်း ဖြစ်သည်။

ဆက်လက်ပြီး ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအဖွဲ့ UN-OCHA နှင့် ပြင်သစ်အခြေစိုက် Medecins du Monde (MDM) အဖွဲ့ ၂ ဖွဲ့ သည်လည်း လိုင်ဇာတွင် ရောက်ရှိနေကြောင်း သိရသည်။

၎င်း UN အကူအညီပေးအဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာလတွင်း ၂ ကြိမ် ဒုက္ခသည်စခန်းသို့ ရောက်ရှိခဲ့ ကြောင်း သိရသည်။ ဗဟိုဌာနချုပ်လိုင်ဇာအတွင်းရှိ ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းတွင် ဒုက္ခသည်ပေါင်း ၈၂၇၂ ရှိပြီး လူဦးရေအများဆုံး စခန်းဖြစ်သည်။

၎င်းကုလသမဂ္ဂ (UN) အကူအညီ ပေးရေးအဖွဲ့သည် မြစ်ကြီးနားမြို့တွေ့ဆုံဆွေးနွေးပြီး KIO ဗဟိုဌာနချုပ် လိုင်ဇာ အတွင်းရှိ ဒုက္ခသည်စခန်းသို့ ထပ်မံကူညီပေးရန်ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်

Most read this week