လိုင်ဇာ ကုန်စိမ်းစျေးမီးလောင် ဆိုင်ခန်း ၂၀ ကျော်ပျက်စီး

လိုင်ဇာ ကုန်စိမ်းစျေးမီးလောင် ဆိုင်ခန်း ၂၀ ကျော်ပျက်စီး
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်၊ တရုတ်နယ်စပ်အနီး ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့တွင် နိုင်ဝင်ဘာလ (၅) ရက်နေ့ ညနေပိုင်း ရ နာရီခန့်တွင် ကုန်စိမ်းစျေးမီးလောင်ကျွမ်းမှုဖြစ်ပွားပြီး စျေးဆိုင် (၂၀)ကျော်ပျက်စီးကာ အခြားစျေးဆိုင်များပါ အနည်းအကျဉ်း ထိခိုက်သွားခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့သောနေရာသို့ မီးသတ်မော်တော်ယာဉ်များက အလျင်အမြန် ရောက်ရှိလာပြီး (၂၅) မိနစ်ခန့်အကြာ ၄င်းစျေးအား မီးငြိမ်းသတ်ခဲ့ခြင်းဖြစ်ကြောင်း လိုင်ဇာ ဒေသခံများပြောသည်။

လိုင်ဇာစျေး မီးလောင်နေတဲ့ မြင်ကွင်း။

မီးလောင်ကျွမ်းမှုကြောင့် ကုန်စိမ်းဆိုင်၊ ကုန်စုံဆိုင်များမှ ဆီ၊ ဆား၊ ပဲ အစရှိသည့်မီးဖိုချောင်သုံးကုန်များ လောင်ကျွမ်းသွားခဲ့ပြီး အထည်ဆိုင်အချို့မှ ကချင်ရက်လုပ်ထည် လုံချည်၊ အထည်များဆုံးရှုံးသွားခဲ့ကြောင်း စျေးသည်များမှသိရသည်။

“ဒီနှစ်မှာပဲ ဆိုင်ပြန်ဆောက်ထားတာ အခုမီးပြန်လောင်သွားတော့ သေလိုက်ချင်တယ်”  ဟုဆိုင်ရှင်တဦးက ညည်းတွားပြောဆိုနေသည်။

ထိုသို့မီးလောင်မှုဖြစ်ပွားရခြင်းကို ဒေသခံများက သေချာမသိရသေးသော်လည်း ထိုစျေးတွင် လျှပ်စစ်မီးတပ်ဆင်ထားသည်မှာ မကြာသေးသောကြောင်း မျက်မြင်တဦးကသုံးသပ်ပြောဆိုသည်။

သူက “မီးလောင်ပြီးငါးမိနစ်အကြာလောက်မှာမီးသတ်ကားတွေ ရှေ့ဆင့်နောက်ဆင့်ရောက်လာပြီး၊ မီးငြိမ်းသတ်လိုက်ကြတယ်၊ ကုန်စိမ်းစျေးထဲမှာ မီးရတာ ရက်ပိုင်းလောက်ပဲရှိသေးတယ်၊ အခုစလောင်တယ်လို့ခန့်မှန်းတဲ့ အထည်စျေးဆိုင်နားလေးမှာ မီးခလုတ်ဆင်ထားတယ်၊ အဲဒီကနေရှော့ဖြစ်ပြီး လောင်သွားတာဖြစ်နိုင်တယ်” ဟုပြောသည်။

၄င်းစျေးအတွင်းသို့ရောင်းချနေသော အထည်စျေးဆိုင်များကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO စည်ပင်ဌာနမှလည်း စျေးကြီးသို့ပြောင်းရွှေ့ ရန်ထုတ်ပြန်ထားခြင်းဖြစ်သော်လည်း ပြောင်းရွှေ့ခြင်းမရှိသေးခင် ထိုသို့အထည်ဆိုင်မှ စတင်မီးလောင်ကျွမ်းမှုဖြစ်ပွားခြင်းဖြစ်ကြောင်း တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တဦးကဆိုသည်။

အဆိုပါမီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့များက အတည်ပြု စစ်ဆေးမှုများပြုလုပ်နေဆဲ ဖြစ်ကြောင်းသိရသည်။

ထိုစျေးသည် နံနက် ၆နာရီမှ  ညနေ ၆ နာရီဖွင့်လှစ်သည့် ကုန်စိမ်းအရောင်းဆိုင်များသာဖြစ်ပြီး ၄င်းတွင် ကချင်ပြည်နယ် စစ်ရေးပဋိပက္ခများကြောင့် ဒုက္ခသည်များလည်း အခြေအနေအရ ရောင်းဝယ်မှုများ ပြုလုပ်နေသောစျေးလည်းဖြစ်သည်။

လိုင်ဇာမြို့စျေးကြီးတွင် လွန်ခဲ့သော ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင်လည်း မီးလောင်မှုဖြစ်ပွား ခဲ့ပြီး စျေးဆိုင်အများအပြား ဆုံးရှုံးခဲ့ရသည်။

Most read this week