မိုင်းခေါင်ကျေးရွာရှိ ဒုက္ခသည်များနေရာနှင့် ရေအခက်ခဲရှိ

မိုင်းခေါင်ကျေးရွာရှိ ဒုက္ခသည်များနေရာနှင့် ရေအခက်ခဲရှိ
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၃) ဒေသ မိုင်းခေါင် (Mung Hkawng) ကျေးရွာ စစ်ပြေးဒုက္ခသည်စခန်းတွင် ဒုက္ခသည် ၄၀၀ ကျော်အတွက် နေရာထိုင် ခင်း နှင့် ရေများ ခက်ခဲနေကြောင်း ဒုက္ခသည်စခန်းမှပြောသည်။

“အိပ်ဖို့နေရာက အရမ်းကိုအရေးကြီးနေတယ် အခုမြေကြီးမှာဘဲအိမ်နေရတယ် ရေလည်းခက်ခဲနေတယ် စစ်ပြေး တွေလည်းဆက်ပြီး လာနေဆဲဟုတ်တယ် စားဖို့အတွက်လည်းစိတ်ညစ်နေရတယ် ၃၊ ၄ ရက် စားသောက်ဖို့ဘဲ ကျန်တော့ အရမ်းခက်ခဲနေတယ်” ဟု မိုင်းခေါင်အသင်းတော်အထွေထွေအတွင်းရေးမှူး ဆရာ Damau Naw Jaက ကချင်သတင်းဌာန (KNG) သို့ပြောသည်။

ိလိုင်ဇာပတ်ဝန်းကျင် ဒုက္ခသည်စခန်းတခု မြင်ကွင်း။

ဒုက္ခသည်စခန်းအတွင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC (Shamai Shatsai) ၏ ဆေးပေးခန်းတွင် အစိုးရတပ်ဖွဲ့ဝင်များသည် ၀င်ရောက်လာကာ ဆေးကုသမှုများလည်းပြုလုပ်နေသောကြောင့် ဒုက္ခသည် များသည် ဆေးကုသရန်စိုးရိမ်နေပြီး ဖျားနာနေသူများအတွက်ခက်ခဲနေကြောင်းသိရသည်။

“နမ်လင်းပါကလာတဲ့ စကခ ၂၁ ဗျူဟာ မင်းနိုင်ဦးအဖွဲ့တွေဟုတ်တယ် မနက် ၈ နာရီခွဲဆိုရောက်နေပြီ စစ်သားတွေ ၁၀ ယောက်ကျော်လာနေတာ ဆေးတွေကိုင်ပြီးလာတယ် စစ်ဝတ်စုံတွေနဲ့ တချို့က သေနတ် တွေကိုင်ထားတော့ ကြောက်နေတာ အရင်ကတည်းကနေကြောက်နေတဲ့ကြားက သူတို့လာတော့ ပိုကြောက် ရနေတယ် ၁ ရက် ၂ ရက်တော့ ထမင်းချက်တဲ့ဘက်မှာ ထင်းတွေခွဲကူပြီး ဓာတ်ပုံတွေရိုက်ပြီး ပြန်သွားတာ”

ဒုက္ခသည်စခန်းအတွင်းရှိ ကလေးငယ် ၅၀ ကျော်တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ နှာစေးချောင်းဆိုးရောဂါ များ ဖြစ်ပွားနေပြီး စစ်ပြေးသိမ်းရှောင်လာသော ကျောင်းနေကလေးငယ်အများစုသည်လည်း စာအုပ်၊ ခဲတံ များ အဝတ်အစားများ ခက်ခဲမှုများနေ့စဉ်ရှိနေကြောင်းသိရသည်။

နှစ်ဖက်တပ်မှတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သောကြောင့် နန်ဖူ၊ မခေါ်ယန်၊ ကောင်းခါးပါ၊ ဒန်အောင်ဂျာ၊ မဂါယိုင်၊ မုန်းလူ၊ လိုင်ကာဇွပ်ဂျာ၊ ဂျေဆောန်၊ ခပရာယန် ရွာများမှထွက်ပြေးသိမ်းရှောင် သူများ ဖြစ်ပြီး ဒုက္ခသည် များထပ်မံရောက်နေကြောင်းသိရသည်။

မိုင်းခေါင်အနီး နမ်ဖာပါတွင် စကခ ၂၁ နည်းဗျူဟာ မင်းနိုင်ဦး ဦးဆောင်သော အစိုးရတပ်စစ်အင်အား ၃၀၀ ကျော်ရှိ နေပြီး ပြည်သူများသွားလာရန် ခက်ခဲနေရကြောင်းသိရသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၃) တပ်ရင်း (၁၂) ဒေသ စစ်ပြေး ၁၄၀၀ ကျော်ရှိသော နမ်လင်းပါ (Nam Lim Pa) ဒုက္ခသည်စခန်းတွင် ဒုက္ခသည် ၄၀၀ ကျော်ထပ်မံရောက်ရှိလာကာ စားနှပ်ရိက္ခာ ကူညီမှုလိုအပ်နေဆဲဖြစ်ကြောင်းသိသည်။

မိုးတွင်းချိန် ဂရုဏာအဖွဲ့မှ ကူညီထောက်ပံ့ထားသော ဆန်များကို လမ်းအခက်ခဲကြောင့် ကောင်ဂျာရွာတွင် သိုလှောင်ထားခဲ့ရာ အစိုးရနှင့် KIA တပ်များ တိုက်ပွဲဖြစ်ပွားပြီး ၎င်းဆန်များကို အစိုးရတပ်မှ သိမ်းယူခဲ့ ကြောင်းသိရသည်။

“ဂရုဏာအဖွဲ့ကနေ မိုင်းခေါင်မှာ ဗျူဟာမှူးတွေနဲ့တိုင်ပင်တယ် ရတယ်ဆိုပြီးသွားလိုက်တာ ဒီမှာက ရွာသားများကို နမ်လင်းပါစခန်းကိုပြောင်းရွှေ့နေတဲ့ချိန် သူတို့ဘက်ကစပြီး ပစ်လာတာနဲ့ တိုက်ပွဲတွေပြန်ဖြစ် လာတော့ ပစ်ခတ်တဲ့ နေရာရှင်းရ မယ်ဆိုပြီး မသွားခိုင်းတော့ဘူး အဲဒီဆန်မယူခိုင်းစေချင်လို့တမင်လုပ် တာဟုတ်တယ်” ဟု နမ်လင်းပါဒုက္ခသည်စခန်းမှ ဦးလဖိုင်လဒွဲ KNG ကချင်သတင်းဌာန သို့ပြောသည်။  

အစိုးရတပ်နှင့် KIA ကြား စစ်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် KIA ထိန်းချုပ်နယ်မြေမှ ရွာသားများ သည် မိမိနေအိမ်များ တောင်ယာ၊ လယ်ယာ များစွန့်ပစ်ပြီးတိမ်းရှောင်နေရကြောင်းသိရသည်။  

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရသည် နှစ်ဖက် ပစ်ခတ်မှုများရပ်ဆိုင်းကာ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးကြိုးပမ်းနေဆဲဖြစ်သော်လည်း လက်ရှိအခြေအနေထိ တိုက်ပွဲများကြောင့် ဆက်လက် တင်းမာနေဆြဲဖစ်သည်။

Most read this week