ကချင်ပြည်နယ် ဒီမိုကရေစီပါတီထောင်ခွင့်ရသည့် KIO ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာနှင့် တွေ့ ဆုံခြင်း

ကချင်ပြည်နယ် ဒီမိုကရေစီပါတီထောင်ခွင့်ရသည့် KIO ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာနှင့် တွေ့ ဆုံခြင်း
by -
ကေအဲန်ဂျီ

၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့တွင် ကိုယ်စားလှယ်လောင်း အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သူ ကချင်လွတ်လပ်ရေး အဖွဲ့ KIO ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာကို ကချင်ပြည်နယ် ဒီမိုကရေစီပါတီတည်ထောင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကခွင့်ပြုလိုက်ပြီ ဖြစ်သည်။ ဒေါက်တာတူးဂျာအနေနှင့် ၎င်းကြိုး စားနေသည့် အခြေအနေကိုရောက်ရှိလာပြီဖြစ်သည့်အတွက် ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်း များကို မဇ္ဈိမက မေးမြန်းဖော်ပြလိုက်ပါသည်။

ပါတီထောင်ဖို့ကို ၂၀၁၀ ရွေးကောက်ပွဲမှာကတည်းက ကြိုးပမ်းခဲ့တာအခုမှ ဘာကြောင့် ခွင့်ပြုတယ်ထင် လဲ။

အဲ့ဒါကတော့ အခြေအနေ၊ အချိန်အခါ မတူတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ယူဆလို့ရပါတယ်။ ၂၀၁၀ တုန်းကတော့ စပ်ကူးမတ်ကူး အချိန်ကာလဖြစ်တယ်။ ဒါကြောင့်မို့ ရှုပ်ထွေးမှုတွေကလည်း တော်တော် လေးရှိတယ်။ အကြောင်းကြောင်းကြောင့် ကျွန်တော်တို့  (ကချင်တိုးတက်ရေးပါတီ) ပါတီတည်ထောင် ခဲ့တာကို မှတ်ပုံတင်ခွင့် မပြုခဲ့ဘူးလို့အဲ့လိုနားလည်ခဲ့တယ်လေ။ အခုက ပြောင်းလဲကုန်တာကိုး။ ဘာ ကြောင့်လည်းဆိုတော့ ၂၀၁၀ တုန်းက အခြေအနေနဲ့ အခုကကွာသွားပြီ။ အခုကအစိုးရလည်း ပြောင်းပြီ။ စနစ်လည်းပြောင်းပြီ။ အခုကဒီမိုကရေစီစနစ် စတင်ဖြစ်ထွန်းနေပြီလေ။ ဒါကြောင့် အခုအချိန်အခါမှာ ဥပ ဒေနဲ့အညီ လုပ်မယ်ဆိုရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ အဖွဲ့အစည်းတိုင်းကို ပါတီ ဖွဲ့စည်းခွင့်ပြုနေတာပဲ။

အရင်တုန်းကရော ပါတီထောင်ဖို့ဘာကြောင့် ခွင့်မပြုခဲ့တာလို့ထင်လဲ။

အဲ့ဒီတုန်းက သူတို့ (ရွေးကောက်ပွဲကော်မရှင်) အကြောင်းပြတာက KIO က လက်အောက်ခံဖြစ်တဲ့ အတွက်ကြောင့်လို့ ဒီလိုပဲ ပြောကြတယ်လေ။ အဲ့ဒီအချိန်အခါတုန်းက အာဏာပိုင်တွေက ကျွန်တော် တို့ကို အကြောက်တရားက ရှိသေးတာကိုး။

အခုက ပါတီထောင်ဖို့ ခွင့်ပြုလိုက်ပြီဆိုတော့ ဘာတွေလုပ်သွားမယ်လို့ ရည်ရွယ်ထားလဲ။

ချက်ချင်းကြီး ဆိုသလို လုပ်စရာတွေကတော့ အများကြီးပေါ်လာတာပေါ့။ ကျွန်တော်တို့က ပြည်နယ်ပါတီဖြစ်တဲ့အ တွက်ကြောင့် အဖွဲ့ဝင်ငါးရာစုဆောင်းဖို့ လိုတယ်လေ။ ဒါလည်းကျွန်တော်တို့က ချက်ချင်းလုပ်ရတော့မှာ ပေါ့။ ပြီးရင် ပါတီရုံးတွေဖွင့်မယ်၊ စည်းရုံးရေးလုပ်ငန်းတွေစပြီး လုပ်ဆောင်သွားမယ်။ အဲ့လိုတော့ ရည်ရွယ် ထားပါတယ်။ ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့၊ နောက်ပြီးတော့ လူထုကိုအကျိုးပြုနိုင်ဖို့ ပေါ့။ အတတ်နိုင်ဆုံး လူထုအကျိုးပြု လုပ်ငန်းတွေကို ကျွန်တော်တို့လုပ်ဆောင်ချင်တယ်။ ကျွန်တော်တို့ ပြည်နယ် ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်ဖို့ တစ်ဖက်တစ်လမ်းကကူညီဆောင်ရွက်ချင်တယ်။ အဓိက အဲ့ဒါပါ။ ဒေသဖွံ့ဖြိုးရေးတွေလည်း အများကြီးလုပ်ဖို့လိုသေးတာကိုး။

ကချင်ပြည်သူတွေကရော အန်ကယ့်အပေါ် ဘယ်လိုသဘောထားရှိကြလဲ။

ဒီမှာကတော့ ပြည်သူလူထုက အများစုကတော့အားပေးပါတယ်။

ပါတီလုပ်ငန်းတွေလုပ်ရင်းနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာရော ဘာတွေလုပ်ဖို့ စိတ်ကူးရှိထားလဲ။

ပါတီထောင်ရင်းနဲ့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့ လုပ်ငန်းတွေမှာလည်း အားပေးကူညီသွားမယ်။ အုတ် တစ်ချပ်၊ သဲတစ်ပွင့်အနေနဲ့ပဲဖြစ်ဖြစ် ကူညီဆောင်ရွက်သွားဖို့ စိတ်ကူးရှိပါတယ်။

အခုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့ လုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ရောဘယ်လိုမြင်လဲ။

အခု လိုင်ဇာမှာလုပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ညီလာခံဟာ အလွန်အရေး ကြီးတယ်လို့ ထင်တယ်။ ဘာကြောင့်လည်းဆိုတော့ အခုကတစ်နိုင်ငံလုံး သေနတ်သံ ငြိမ်းသွားအောင် အပစ်အခတ်ရပ်နိုင်အောင်လုပ်ပြီးတော့မှ တိုင်းရင်းသားတွေလိုလားတောင့်တနေတဲ့ အဓိပ္ပာယ်ပြည့်ဝပြီး ကျယ်ပြန့်တဲ့ နိုင်ငံရေးဆွေးနွေးပွဲလို သွားကြရမှာ။ အဲ့ဒါလို အစီအမံနဲ့လုပ်ဖို့ဆိုရင် တိုင်းရင်းသားအဖွဲ့ အစည်းတွေက ဗဟိုဆုံးဖြတ်ချက်ချနိုင်ဖို့လိုအပ်တယ်။ ဒါကြောင့်မို့လို့ တိုင်းရင်းသားအဖွဲ့အစည်းတွေက ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ဆုံကြတာပေါ့လေ။ ပြောချင်တာက ဒီဆွေးနွေးပွဲဟာ သမိုင်းစာမျက်နှာတစ်ခုကို လာနိုင်မယ့်လို့ အန်ကယ်အဲ့ဒီလို မျှော်လင့်နေပါတယ်။

KIO ခေါင်းဆောင်ဟောင်း တစ်ယောက်အနေနဲ့ KIO အပေါ်ကိုရော ဘယ်လိုသဘောထားသေးလဲ။

အခုက KIO ရယ်၊ ဘယ်အဖွဲ့အစည်းရယ်လို့ဆိုပြီး ခွဲခြားနေလို့ မရတော့ဘူး။ ဘုံသဘောတူညီချက်ကို လုပ်နေကြတာကိုး။ အဖွဲ့အည်းအချင်းချင်း ညှိနှိုင်းစရာရှိတာညှိနှိုင်းပြီးတော့ အများသဘောထားပေါ်မူ တည်ပြီး ပိုပြီးဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာကို ရွေးချယ်ပြီးတော့မှ သူတို့ကသဘောထား ဆုံးဖြတ်ချက်တွေ ချရမှာလေ။

အန်ကယ့်အနေနဲ့ တစ်ခြားရောဘာများ ဖြည့်စွက်ပြီး ပြောချင်သေးလဲ။

အန်ကယ်တို့ကတော့ ပါတီထောင်ဖို့ကို အရင်ကကြိုးစားခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် မှတ်ပုံတင် မရခဲ့တာကိုး။ ဒါပေမယ့် အခုက ကျွန်တော်တို့ကို ပါတီမှတ်ပုံတင်ပေးပြီဆိုတော့ ကျွန်တော်တို့ရဲ့ လုပ်နိုင် စွမ်းတွေကို အများပြည်သူအတွက် အသုံးချသွားမှာဖြစ်တယ်။ ဒါကြောင့် တိုင်းပြည်အမြန်ငြိမ်းချမ်းလာ အောင်၊ အမြန်ဖွံ့ဖြိုးလာအောင် ကျွန်တော်တို့ပါတီအနေနဲ့ အခြားပါတီတွေနဲ့ သဟဇာတဖြစ်အောင် ဆက်ဆံပြီးတော့ လုပ်ဆောင်သွားမယ်လို့ အများပြည်သူကို အသိပေးချင်ပါတယ်။

Most read this week