နမ်လင်းပါဒုက္ခသည်စခန်းတွင် ရိက္ခာပြတ်လပ်

နမ်လင်းပါဒုက္ခသည်စခန်းတွင် ရိက္ခာပြတ်လပ်
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မန်စီမြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၃) တပ်ရင်း (၁၂) ဒေသ နမ်လင်းပါ (Nam Lim Pa) ကျေးရွာ စစ်ပြေးဒုက္ခသည်စခန်းတွင် စားနှပ်ရိက္ခာပြတ်လပ်မှု အခက်ခဲရင်ဆိုင်နေရပြီး အရေး ပေါ်အကူညီလိုအပ်နေကြောင်း ဒုက္ခသည်စခန်းမှ ပြောသည်။

“နမ်လင်းပါကလူတွေ ဘယ်မှထွက်လို့မရဘူး ရိက္ခာတွေပျက်နေတယ်၊ နမ်လင်းပါ အနီးကရွာ ကောင်ဂျာ၊ မုန်းဒိန်ပါ၊ မခေါ်ယန်၊ နမ်ဖူတွေမှာ စစ်ကြောင်းတွေထိုးထားတော့ လူတွေဖြတ်လို့မရဘူး ကားတွေ လည်းသွားလို့မရ ရိက္ခာတွေပို့လို့မရဘူး တိုက်ပွဲတွေလည်းဆက်တိုက်ဖြစ်နေတာ” ဟု နမ်လင်းပါမှ ဆရာလဖိုင်လဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။

ိနမ်လင်းပါ ဒုက္ခသည်စခန်းသို့ ထွက်ပြေးလာတဲ့ ကချင်ရွာသားများ။

အဆိုပါဒုက္ခသည်စခန်းတွင် လူဦးရေ ၁၄၀၀ ကျော်ရှိပြီး နမ်လင်းပါ ဒုက္ခသည်စခန်းအနီးရွာမှ စစ်ပြေးများ ထပ်မံရောက်ရှိလာသောကြောင့် စားဝတ်နေရေးအတွက် ပိုမိုအကူအညီများ လိုအပ်လာခြင်းဖြစ်ကြောင်း သိရသည်။

၄င်းဒုက္ခသည်စခန်းနှင့်ကျောင်းတွင် တစ်ပတ်အတွင်း ဆန် ၁၃၀ တင်း စားသုံးနေခြင်းဖြစ်ရာ ယခုချိန် မုန်ဒိန်ပါလမ်း၊ ကောင်ရွန်လမ်းများ ပိတ်ထားသောကြောင့် သယ်ပို့ရေးအတွက်လည်းအခက်ခဲဖြစ်ကာ စားဝတ်နေရေးအတွက် ပိုမိုခက်ခဲမှုများရင်ဆိုင်နေရသည်ဟု ဒုက္ခသည်စခန်းမှပြောသည်။

“အကူညီပေးမယ့်လူတွေလာမလားမသိဘူး၊ နေရာတိုင်းမှာအကူအညီတော့တောင်းထားတာပေါ့ ရောက်လာ မလားတော့ မသိတော့ဘူး၊ ကားရောက်ဖို့လည်းခက်တယ် ရေကြီးနေတဲ့ လမ်းကလည်းမပြင်ရတော့ အခု ၃၊ ၄ ရက်ဆို စားဖို့လုံးဝကို မရှိတော့ဘူး၊ မနေ့က မိုင်းခေါင် စစ်ပြေး ဒုက္ခသည်စခန်းမှာ UN တွေကူညီလာတယ် လို့တော့ကြားတယ် အခုရက်ပိုင်းမှာ စစ်ပြေးတွေပြန်ထိုးလာတယ်” ဟု နမ်လင်းပါ ဒုက္ခသည်စခန်းမှ ဦးလဒွဲ က KNG ကချင်သတင်းဌာန သို့ပြောသည်။

ဂရုဏာအဖွဲ့မှ ကူညီထောက်ပံ့မှုရရှိနေသော်လည်း ယခုနှစ် မိုးတွင်းချိန်ကူညီထားသော ဆန်များကိုလမ်း အခက်ခဲကြောင့် ကောင်ဂျာရွာတွင် သိုလှောင်ထားခဲ့ရာ အစိုးရနှင့် KIA တပ်များ တိုက်ပွဲဖြစ်ပွားချိန်၎င်းဆန် များကို အစိုးရတပ်မှ သိမ်းယူစားသောက်နေကြောင်း ဒေသခံများပြောသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၃) တပ်ရင်း (၁၂) ဒေသ ရွာများနေရာအနှံ့ အစိုးစစ်ကြောင်း များလှုပ်ရှားလာချိန်မှစ၍ ရွာသားများအသီးသီး ထွက်ပြေးတိမ်းရှောင်ခဲ့ရာ အချို့ကိုရပ်ရွာတွင်းအစိုးရများက ထိန်းသိမ်းထားသဖြင့် အနီးရှိဒုက္ခသည်စခန်းများသို့ ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။

၎င်းအစိုးရစစ်ကြောင်းသည် အိမ်ခြေ ၂၀ ရှိသော နမ်ဖူ ((Nam Hpu) ရွာမှ ရွာသား ၂၆ ယောက်ကို ဖမ်းဆီး၍ အမျိုးသမီးများကို အိမ်တအိမ်တွင် ပိတ်ထားကာ ရေများအငတ်ထားခြင်း၊ ရပ်ကွက်လူကြီးအမျိုးသား ၃ ဦးကို ကြိုးတုတ်၍ ဖမ်းဆီးနှိပ်စက်မှုများပြုလုပ်ခဲ့သောကြောင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ အစိုးရ တိုင်း၊ ဗျူဟာများနှင့် ဆက်သွယ်ပြီး KBC ဗန်းမော်နှစ်ခြင်းအသင်းတော်က အောက်တိုဘာ၂၅ ရက်နေ့တွင် ၎င်းရွာသားများအားပြန်လည်း ခေါ်ယူခွင့်ရခဲ့ကြောင်းသိရသည်။

ထိုသို့ဖြင့် ကောင်ဂျာရွာ၊ နီးစပ်ရာမှ အောက်တိုဘာ၂၇ ရက် နေ့တွင် စခန်းသို့ ကိုယ်လွတ်ထွက်ပြေး ရောက် ရှိလာသော ရွာသား ၆၀ ကျော် အတွက် ရာသီဥတုအေးနေချိန်အဝတ်အစားများ စောင်များလိုအပ်နေခြင်း ဖြစ်ကြောင်း ဒုက္ခသည် စခန်းမှပြောသည်။

ယခုချိန် ထိုဒေသတလျှောက် အစိုးရတပ် ဗျူဟာ ၃ ခုနှင့် စစ်ကြောင်းထိုးစစ်ဆင်လှုပ်ရှားနေသောကြောင့် ဒေသခံပြည်သူများ နေ့စဉ် သေနတ်သံများကြားကာ စိုးရိမ်ကြောက်လန့်နေရကြောင်း ဒုက္ခသည်များပြော သည်။

Most read this week