လိုင်ဇာမြို့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ညီလာခံကိုယ်စားလှယ်များရောက်ရှိ

လိုင်ဇာမြို့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ညီလာခံကိုယ်စားလှယ်များရောက်ရှိ
by -
ကေအဲန်ဂျီ

တနိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်ရေးအကြိုဆွေးနွေးပွဲအတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်လိုင်ဇာမြို့တွင် ကျင်းပမည့် ‘Ethnic Armed Organizations Conference’ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များညီလာခံသို့ ထိပ်သီးခေါင်းဆောင်များအသီးသီး အောက်တိုဘာ ၂၈ မှစ၍ ရောက်ရှိနေကြပြီဖြစ်သည်။

အောက်တိုဘာလ (၃၀) ရက်နေ့မှစတင်ပြုလုပ်မည့် ၄င်းညီလာခံသို့  ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များသည် ယနေ့နံနက် ၁၂ နာရီခန့်တွင် ရှေ့ဦးစွာ လိုင်ဇာမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

အောက်တိုဘာ ၂၈ နေ့ မြစ်ကြီးနားမှ လိုင်ဇာမြို့သို့ ရောက်ရှိလာတဲ့ UNFC တပ်ပေါင်းစု ခေါင်းဆောင်များကို KIO ဥက္ကဌ ဇောင်းဟရား (ဘယ်)မှ ကြိုဆိုနေပုံ။

ယခုရောက်ရှိနေသော လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များတွင် ကရင်နီအမျိုးသား တိုုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင် အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ (LDU)၊ “၀”အမျိုးသား အဖွဲ့ချုပ် (WNO)၊ ရခိုင်ပြည်တပ်မတော် (Arakan Army)၊ ပလောင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ပလောင်ပြည်လွတ် မြောက်ရေးတပ်ဦး (PSLF)၊ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ  (UNFC) မှ ကိုယ်စားလှယ်များ (၁၇)ဦး ရောက်ရှိနေခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ UNFC အဖွဲ့ဝင်များကို KIO မှ နမ်ဆန်ယန်ထိသွားရောက် ကြိုဆိုခဲ့ပြီး၊ မုန်လိုင်ခက် အနီးတွင် KIA ဒေသရှိ ရခိုင်တပ်မတော်မှရဲဘော်များ၊ အရာရှိများကအလံများကိုင်ဆောင်ကာ စီတန်းကြိုဆိုခဲ့ကြောင်း သိရသည်။

အဆိုပါတိုင်းရင်းခေါင်းဆောင်များကို လိုင်ဇာလူထုများက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ပေါင်းစုံ အလံများကိုကိုင်ဆောင်ကာ လိုင်ဇာမြို့အဝင်လမ်းမကြီးမှ သံစုံတူရိယာများဖြင့် ခေါင်းဆောင်ကိုယ်စား လှယ်ကြီးများအား လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။

ထို့ပြင် ယနေ့ရောက်ရှိလာသော UNFC  ထိပ်သီးခေါင်းဆောင်ကြီးများအား KIO ဥက္ကဌ၊ ဥက္ကဌ၊ KIO ဌာနပေါင်းစုံမှအကြီးအကဲအရာရှိများ၊ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်ကြီးများပါဝင်ကာ Padang ကြိုဆိုရေးခမ်းမတွင် ဧည့်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။

ကြိုဆိုရေးအဖွဲ့ဝင်တဦးက “ဒေသခံတဦးအနေနဲ့ အရမ်းကိုစိတ်လှုပ်ရှားတယ်၊ ဒီလိုမြန်မာနိုင်ငံထဲမှာ ပထမဆုံးလုပ်တဲ့ ညီလာခံမို့ဘယ်လိုဖြစ်မလဲဆိုတဲ့အတွေးနဲ့ပေါ့၊ အခွင့်အရေးပေးတဲ့နိုင်ငံ တော်အစိုးရကို လည်း ကျေးဇူးတင်တယ်၊ လိုင်ဇာမြို့မှာ ကျင်းပခွင့်ရတဲ့အတွက်ဒေသခံတဦးအနေနဲ့ဂုဏ်ယူတယ်” ဟု ဆိုသည်။

ညီလာခံကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ (၁၉) ဖွဲ့ပါ၀င်ကာ အောက်တိုဘာလ ၃၀ မှ နိုဝင်ဘာလ ၁ ရက်နေ့ထိ လိုင်ဇာမြို့ Padang ခမ်းမတွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့ကိုယ်စားလှယ်ကြီးများသည် မြစ်ကြီးနားမြို့ KIO နည်းပညာအထောက် အကူပြုရုံး (Technical Advisory Team office)မှတဆင့် လိုင်ဇာမြို့သို့ ခရီးပြုလာခဲ့ခြင်းဖြစ်ပြီး လိုင်ဇာလူထု ၁ ထောင်ခန့်ကြိုဆို ခဲ့ခြင်းဖြစ်သည်။

Most read this week