KIA နှင့်အစိုးရတပ်များ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေဆဲ

KIA နှင့်အစိုးရတပ်များ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေဆဲ
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မဘိန်းမြို့နယ်ရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၁၂) ဒေသ ဆဂနမ်ခွမ် (Saga Nam Hkum)တွင် အစိုးရ စုပေါင်းတပ်ရင်းနှင့် KIA တပ်ဖွဲ့များကြား တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေကြောင်း KIA တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဂျွန်းအောင်က ပြောသည်။

ဒုဗိုလ်မှူးကြီး ဂျွန်းအောင်က “ဆဂနမ်ခွမ်မှာဘဲ ဒီနေ့ဆိုရင် ၄ ရက်ရှိသွားပြီ၊ ကျနော်တို့နေရာမှာ ဗျူဟာ ၄၊ ၅ ခုနဲ့ ကျနော်တို့ တပ်ရင်း (၁၂) ကို ဘယ်၊ ညာ ဝိုင်းထားတယ် တပ်ရင်း ၃ ခုက အင်အား ၃၀၀ ကျော်၊ သူတို့နောက်မဆုတ်မချင်း တိုက်ပွဲတွေက ဆက်ဖြစ်နေမှာဘဲ” ဟု ပြောသည်။

kachin-army

တိုက်ပွဲများသည် အောက်တိုဘာ၂၆  စနေနေ့တွင် နံနက် ၈ နာရီခွဲမှ ၁၂ နာရီအထိ ဖြစ်ပွားခဲ့ပြီး ညနေပိုင်း တွင်လည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

အစိုးရတပ် စကခ-၂၁ (ဗန်းမော်) လက်အောက်ခံစစ်ကြောင်း အင်အား ၃၀၀ ကျော် လှုပ်ရှားမှုများဆက် လက်ရှိနေသောကြောင့် KIA တပ်ရင်း (၁၂) တွင်ရင်ဆိုင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟု ဆိုသည်။

အဆိုပါ အစိုးရ စစ်ကြောင်းသည် လမ်းမမှ KIA တပ်ရင်း (၁၂) နယ်အတွင်း ၁၀ မိုင်အထိ ဝင်ရောက်ကျူး ကျော်လာကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာရာမှ နှစ်ဖက်တိုက်ပွဲများဖြစ်ပွား လာခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရတပ်၏ တပ်ရင်း ၁၀ ကျော် နှင့် စစ်အင်အား ၁၀၀၀ ကျော်သည် KIA  တပ်ရင်း (၁၂) နယ်မြေအတွင်း စစ်အင်အားဖြင့် လှုပ်ရှားနေကြောင်း KIA မှသိရသည်။

ထိုသို့ဖြင့် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO သည် မြစ်ကြီးနားတွေ့ဆုံဆွေးနွေးမှုတွင် စစ်ရှိန်လျှော့ အပါအဝင် နှစ်ဘက်လိုက်နာလုပ်ရမည့်ကိစ္စရပ်များကို သဘောတူညီမှုရရှိပြီးနောက် အခြေအနေပြန်လည် တင်းမာလာခြင်းဖြစ်သည်။

Most read this week