ဆဂနမ်ခွမ်တိုက်ပွဲတွင် KIA ၃ ဦး ဒါဏ်ရာရရှိ

ဆဂနမ်ခွမ်တိုက်ပွဲတွင် KIA ၃ ဦး ဒါဏ်ရာရရှိ
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မဘိန်းမြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်ရင်း (၁၂) ဒေသ ဆဂနမ်ခွမ် Saga Nam Hkum ၌ အစိုးရတပ်ဖွဲ့ စစ်ကြောင်းများ ဂျေဦး၊ နမ်ခန်ဖက်မှ ထိုးစစ်ဆင် လှုပ်ရှားလာ သောကြောင့် ယမန်နေ့တွင်ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA တပ်ဖွဲ့ဝင် ၃ ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆဂနမ်ခွမ် အနီးရောက်ရှိနေသော အစိုးရတပ် စကခ-၂၁ ဗန်းမော်လက်အောက်ခံ တပ်ဖွဲ့အင်အား ၃၀၀ ခန့်သည် KIA တပ်မဟာ (၃) တပ်ရင်း (၁၂) တို့နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ချိန် KIA ၃ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု KIA တပ်ရင်း (၁၂) တပ်ရင်းမှူး ဗိုလ်မှူးလဘန်ဂျွန်းအောင် (Major Labang Jawn Awng)က ပြောသည်။

ဌာနချုပ် လိုင်ဇာ ပတ်ဝန်းကျင် ရှေ့တန်းတနေရာမှ KIA စစ်သားတဦး။

အစိုးရတပ်ဖက်မှလည်း သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာသူ ၂၀ ယောက်ထက်မနည်းရှိမည်ဟု KIA တပ်ဖက်က ခန့်မှန်းပြောဆိုသည်။
 
အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှစ်ဖက်သဘောတူညီချက်အရ လမ်းမများပြန်လည် အသုံးပြုသွားလာနိုင်ရေးအတွက် KIA တပ်ဖက်က လမ်းမမှ မီတာ ၁၀၀၀ နောက်ဆုတ်ထားသောနေရာသို့ အစိုးရတပ်များထိုးစစ်ဆင်လှုပ်ရှားလာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တပ်ရင်းမှူး ဗိုလ်မှူးဂျွန်းအောင် KNG ကချင်သတင်းဌာနသို့ ပြောသည်။

သူက"ကျွန်တော်တို့ဖက်က နောက်ဆုတ်ထားတဲ့နေရာမှာ အစိုးရတပ်ဖက်က ကျူးကျော် ၀င်ရောက်ပြီး လှုပ်ရှားလာတော့ ဖြစ်ကြတာပေါ့၊ အစိုးရက ငြိမ်းချမ်းရေးမလိုချင်ဘူးလေ။ ငြိမ်းချမ်းရေးရရင် သူတို့ နေရာမရမှာ စိုးရိမ်တဲ့အတွက် သဘောတူညီချက်တွေကို ဖျက်ဆီးနဲ့သဘောနဲ့ KIA နေရာတွေကို လိုက်လံ သိမ်းပိုက်နေတာပါ။ အပစ်မရပ်တာက KIA ပဲဖြစ်နေတော့ နည်းအမျိုးမျိုးနဲ့ ခြောက်လှန့် နေကြတာပါ” ဟု ပြောသည်။

ယမန်နေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် အစိုးရတပ်ဖွဲ့စစ်ကြောင်းသည် နောက်ဆုတ်သွားခြင်းမရှိဘဲဆက် လက်လှုပ်ရှားနေသောကြောင့် ယနေ့တွင်လည်းတိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်သည်ဟု ဆက်ပြောသည်။

ဂျေးဦး၊ နမ်ခန်၊ မန်တာ၊ မုန်းဒိန်ပါ၊ သံတံတား၊ ဂေါင်ရွန် ရွာများ ပတ်လည်တွင် အစိုးရစစ်အင်အား ၁၀၀၀ ကျော် လှုပ်ရှားနေကြောင်းသိရသည်။

နမ်လင်းပါ (Nam Lim Pa) ရှိ KIA ဒုက္ခသည် စခန်းအနီးတွင် တိုက်ပွဲများဖြစ်ပွားလာခြင်းကြောင့် အနီးရှိ ဒုက္ခသည် စခန်းများအတွက်  စိုးရိမ်နေရပြီး ဒုက္ခသည်စခန်း ပြန်လည်ပြောင်းရွေ့ရန် အစီအစဉ်များရှိလာ နိုင်ကြောင်း ဒုက္ခသည်တာဝန်ရှိသူများပြောသည်။

Most read this week