KIO ဦးဆောင်သော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဆွေးနွေးပွဲ မကြာမီပြုလုပ်မည်

KIO ဦးဆောင်သော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဆွေးနွေးပွဲ မကြာမီပြုလုပ်မည်
by -
ကေအဲန်ဂျီ

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)တို့ ဆွေးနွေးပွဲသဘောတူညီချက်အရ KIO ဦးဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များပါဝင်သော တနိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်ရေး ကိစ္စ ဆွေးနွေးပွဲကို အောက်တိုဘာလကုန်ပိုင်း ၂၈ မှ ၃၀ ရက်နေ့ကြားတွင် ဌာနချုပ်လိုင်ဇာမြို့၌ ကျင်းပ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

KIO ဗဟိုဌာနချုပ် ငြိမ်းချမ်းရေးခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က "တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အစိုးရနဲ့ဆွေးနွေးသွားတဲ့အချိန်မှာ KIO ဘယ်လိုပါဝင်မယ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ သဘောတူညီစွာ ဆွေးနွေးပြီးတော့ အခုအစိုးရကနေခေါ်နေတဲ့ တနိုင်ငံလုံးလက်မှတ်ထိုးဖို့ ခေါင်းစဉ်အောက်မှာ ဆွေးနွေး သွားမယ် အားလုံးရဲ့အမြင်တွေဖလှယ်သွား မှာဖြစ်တယ်"ဟု ပြောသည်။

ဆွေးနွေးပွဲတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC  အဖွဲ့ဝင်တပ်များနှင့် အဖွဲ့ဝင်မဟုတ်သော “ဝ” တပ်ဖွဲ့များ၊ အခြားတပ်ဖွဲ့များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၈၊ ၉၊ ၁၀ အတွင်း မြစ်ကြီးနားမြို့တွင် ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်ဆဲရေးလက်မှတ်ထိုးပွဲသို့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO) တက်ရောက်မည် မတက်ရောက်မည်ကို အစိုးရကို အကြောင်းမကြား မီတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆွေးနွေးပွဲတရပ်ပြုလုပ်ကျင်းပရန် တောင်းဆိုခဲ့ချိန် အစိုးရ ဘက်မှ သဘောတူခဲ့ခြင်း ဖြစ်သည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO)သည် ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်နေ့တွင်လည်း KIO ဗဟိုဌာန ချုပ်လိုင်ဇာမြို့တွင် လူထုရှင်းလင်းပွဲတရပ်ပြုလုပ်ကာ ဆွေးနွေးပွဲရလဒ်များကိုဖလှယ်ခဲ့ကြသည်။

Most read this week