အစိုးရတပ်လှုပ်ရှားမှုကို KIA မိုင်းဖြင့်တိုက်ခိုက်

အစိုးရတပ်လှုပ်ရှားမှုကို KIA မိုင်းဖြင့်တိုက်ခိုက်
by -
ကေအဲန်ဂျီ

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၃) နယ်မြေ တပ်ရင်း (၂၇) ဒေသ၌ အစိုးရတပ် စကခ (၁၆) လက်အောက်ခံ ခမရ (၅၀၇)တပ်ရင်း စစ်အင်အား ၁၀၀ ကျော် လှုပ်ရှားလာသောကြောင့် အောက်တိုဘာ ၁၆ ရက်နေ့ နံနက်အချိန်တွင် KIA မိုင်းဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၎င်း အစိုးရတပ်ကို နမ့်ခမ်းမြို့နယ် KIA တပ်ရင်း (၂၇) ဒေသ ဟူဟင်တွင် ၁ ကြိမ်၊ မန်ဆောန် တွင် ၁ ကြိမ် မိုင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့်အစိုးရတပ်များ နမ့်ခမ်းဘက်သို့ ပြန်ဆုတ်ခွာသွားခဲ့ရကြောင်း သိရသည်။

nam-hkam-map-oct-17-2013

“အထက်ဘက်ကို တက်လာရင် ပြဿနာဖြစ်မယ်လို့ ရပ်မိရပ်ဖတွေက ပြောနေတဲ့ကြားက တက်လာလို့ KIA ကနေ ၂ ကြိမ် ပစ်လိုက်တာ အစိုးရတပ်ကတော့ ပြန်ဆုတ်သွားတယ်” ဟု KIO အရပ်ဖက်အုပ်ချုပ်ရေးအရာရှိ ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီဥက္ကဌ ဆလန်ကဘာ ဒွဲပီဆာက KNG ကချင်သတင်းဌာနသို့ ပြောသည်။

ထိုနောက် မဘိန်းမြို့နယ် KIA တပ်မဟာ (၃) တပ်ရင်း (၁၂) ဂျေဦးအနီး နမ်ဟောမ် (Nam Hawm) တွင် အစိုးရတပ်များ လှုပ်ရှားနေသောကြောင့် ရွာသားများ စိုးရိမ်ကြောက်ရွံ့ကာ လုံခြုံရာသို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း သိရသည်။

“ထွက်ပြေးနေမှာပဲ နှစ်ဖက်တပ်တွေရှိနေတော့ ရွာကလူတွေလည်း ငြိမ်နေမှာ မဟုတ်ဘူး။ မိမိလုံခြုံမယ့် နေရာကို ထွက်ပြေးမှာဘဲ KIA ဒုက္ခသည် စခန်းကိုတော့ ရောက်မလာသေးဘူး” ဟု ဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီဥက္ကဌ ဆလန်ကဘာ ဒွဲပီဆာကပြောသည်။

၎င်းရွာတွင် အိမ်ခြေ ၅၀ ကျော်ရှိပြီး ရှမ်း-ဗမာရွာဖြစ်ကာ အောက်တိုဘာ ၁၅ ရက်နေ့၌ နှစ်ဖက်တပ်မှ ပစ်ခတ် တိုက် ခိုက်ချိန်တွင် အစိုးရတပ်သည် ရွာထဲသို့ပစ်ခတ်ခဲ့ခြင်းကြောင့် တိမ်းရှောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တွေ့ဆုံဆွေးနွေးပွဲအခြေအနေတိုးတက်လာသော်ငြား တဖက်တွင် စစ်အင်အားတိုးချဲ့မှုများလည်း ရှိနေဆဲဖြစ်သောကြောင့် နှစ်ဖက်တပ်များ အချိန်မရွေးတင်းမာနေသောအခြေအနေဖြစ်ကြောင်း KIA ဖက်မှပြောဆိုခဲ့သည်။

အစိုးရနှင့် KIO ကြား လတ်တလော တွေ့ဆုံဆွေးနွေးပွဲတွင် နယ်မြေလုံခြံုရေး အခြေအနေအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ကြသော ပြည်သူများ မူလနေထိုင်ရာအရပ်သို့ ပြန်နိုင်ရေး နှစ်ဖက်တပ်မှ စစ်ရှိန်လျော့ချ ရေးနှင့် တိုက်ပွဲများ ထပ်မံမဖြစ်ပွား ရန် သဘောတူညီခဲ့သော်လည်း စစ်ရေးတင်းမာမှုကြောင့် ဒေသခံများ ဆက်လက်တိမ်းရှောင်နေရဆဲဖြစ်သည်။

Most read this week