KIA တပ်ရင်း ၁၂ နှင့် အစိုးရတပ် တိုက်ပွဲဖြစ်ပွား

KIA တပ်ရင်း ၁၂ နှင့် အစိုးရတပ် တိုက်ပွဲဖြစ်ပွား
by -
ကေအဲန်ဂျီ

ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးနေသည့်ကြားမှ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တပ်မဟာ (၃) နယ်မြေသို့ အစိုးရစစ်အင်အားများဖြည့်နေသောတပ်မ ( ၉၉) နှင့် KIA တပ်ရင်း (၁၂) တို့ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီချိန်ခန့်တွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။

KIA တပ်မဟာ (၃) မပိန်းမြို့နယ် တပ်ရင်း (၁၂) ဂျေဟူးအနီး နမ်ဟောမ် (Nam Hawm) တွင် အင်အား ၁၀၀ ကျော်ရှိသည့် မြန်မာအစိုးရတပ် တပ်မ (၉၉) နှင့် မိနစ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တပ်မဟာ (၃) အရာရှိတဦးပြောသည်။

သူက “ကျနော်တို့ရှိတဲ့ နေရာသိသိကြီး အတင်းဝင်လာပြီးတော့ နှစ်ဖက်ကနေပစ်ကြတာ ကျနော်တို့ ဘက်က တော့ ဘာမှမဖြစ်ဘူး သူတို့ဘက်ကလည်း ပြန်ဆုတ်သွားတာ” ဟုဆိုသည်။

၎င်းအစိုးရတပ်များသည် KIA ရှိသည့် နေရာသို့ လမ်းဖယ်ပါပြောသော်လည်း KIA တပ်မှ လမ်းဖယ်ပေးခြင်း မရှိ သောကြောင့် နှစ်ဖက်တပ်မှ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီ ဥက္ကဌ ဆလန်ကဘာ ဒွဲပီဆာ KNG ကချင်သတင်းဌာနသို့ အတည်ပြုပြောသည်။

ဆက်ပြီး ယနေ့ အစိုးရစစ်အင်အား ၁၅၀ ခန့်သည် KIA တပ်ရင်း (၂၇) ဒေသ မန်ဝင်းမှ တရုတ်ပြည်နောင် တောင်းဘက်သို့ လှုပ်ရှားလာကာတိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနေကြောင်းသိရသည်။

အဆိုပါတင်းမာမှုများသည် ဆွေးနွေးပွဲတွင် KIO ဖက်မှ အပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးခြင်း မရှိ သောကြောင့် အစိုးရတပ်မှ စီမံချက်ချ လှုပ်ရှားလာခြင်းဖြစ်ကြောင်း KIA ဖက်မှသုံးသပ်ပြောဆိုသည်။

ထိုသို့စစ်ပြေးဒုက္ခသည် စခန်းအနီးဝန်းကျင်တွင် နှစ်ဖက်တပ်မှ ပစ်ခတ်တိုက်ခိုက်မှုများ ရှိလာလျှင် ဒုက္ခသည်များ အတွက်စိုးရိမ်ရပြီး ၎င်းစခန်းအနီး ပစ်ခတ်မှုများဖြစ်ပေါ်လာပါက နေရာ ပြောင်းရွှေ့ ရမည်ဖြစ်ကြောင်း KIO ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဆလန်ကဘာ ဒွဲပီဆာပြော သည်။

ယမန်နေ့ညတွင်လည်း KIA တပ်မဟာ (၅) ဗဟိုဌာနချုပ်လိုင်ဇာသို့ ဗန်းမော်ဘက်မှ အစိုးရတပ် တပ်မ (၉၉) သည် စစ်ကား ၁၃ စင်း အင်အား ၂၀၀ ကျော်နှင့် ၂ စင်းတွင် စက်လက်နက်များ တင်ဆောင်ကာ လဂျားယန်အနီး နားလုံစခန်းသို့ စစ်အင်အားတိုချဲ့လာကြောင်း တပ်မဟာ (၅) အရာရှိများကလည်း ပြောဆိုသည်။

ထိုသို့ တင်းမာမှုများနှင့် အစိုးရ၏ စစ်အင်အားတိုးချဲ့မှုများ KIA တပ်စခန်းအနှံ့ ရှိလာသည်ဟု ပြောဆိုနေ သော်လည်း အစိုးရဖက်သို့အတည်ပြုချက်မရရှိပေ။

အစိုးရနှင့် KIO ကြား အောက်တိုဘာလ ၈၊ ၉၊ ၁၀ တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ရှိန်လျော့ချရေးနှင့် တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေရေးအတွက် ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးကော်မတီ (Join Monitoring Committee) အား ပဋိပက္ခဖြစ်ပွားရာဒေသအားလုံး အကျံုးဝင်စေမည့် ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းသွားရန် သဘောတူခဲ့ကြသည်။

Most read this week