KIA စခန်းရှိရာသို့ အစိုးရတပ်များ အင်အားတိုးချနေဆဲ

KIA စခန်းရှိရာသို့ အစိုးရတပ်များ အင်အားတိုးချနေဆဲ
by -
ကေအဲန်ဂျီ

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် အစိုးရငြိမ်ချမ်းရေး ကိုယ်စားလှယ်များ ယခုရက်ပိုင်းဆွေးနွေးမှုအပြီး အစိုးရတပ်ဖက်မှ KIA တပ်မဟာ (၃)၊ တပ်မဟာ (၄) နယ်မြေများသို့ စစ်အင်အားဖြည့်တင်းနေဆဲဖြစ် ကြောင်း သိရသည်။

အောက်တိုဘာ ၁၃ ရက်ညနေတွင် လားရှိုးမှ အစိုးတပ်သည် စစ်ကား ၆ စင်းဖြင့် KIA တပ်မဟာ (၄) နယ်မြေသို့ တိုးချဲ့လာရာ စစ်ကား ၂ စီးတွင် လက်နက်ကြီး ၁ ခုစီတင်ကာ ကွတ်ခိုင်ဗျူဟာသို့ဖြည့်ထားပြီး၊ ကျန်စစ်ကား ၃ စီးသည် စင်လီနှင့် ကွန်လွန်စခန်းသို့ အင်အားဖြည့်ထားကြောင်း တပ်မဟာ (၄) မှ အရာရှိတဦးက ပြောသည်။

ထို့အတူ အောက်တိုဘာ ၁၂ ရက်တွင် KIA တပ်မဟာ (၃) နယ်မြေ မန်းဝင်းသို့ စစ်ကား ရ စီးတွင် မြင်း ၄ ကောင်စီတင်ဆောင်ကာ လားရှိုး- မူဆယ်- နမ့်ခမ်းဘက်သို့ တိုးချဲ့လာကြောင်း သိရသည်။

၎င်းအစိုးရတပ်သည် သိန္ဒီမြို့ အခြေစိုက် စခက (၁၆) မှဖြစ်ပြီး အင်အား ၁၀၀ ကျော်ရှိကာ KIA တပ်ရင်း (၂၇) ရှိသည့် ကိုင်ထိပ်စခန်းသို့တိုးချဲ့ထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ဖြင့် ယခုချိန် တပ်ရင်း (၂၇)နှင့် (၁၂) ဒေသများတွင် စစ်အင်အား ၁၀၀၀ ကျော်ဖြင့် တိုးချဲ့ထား သည်ဟု KIA ဖက်မှသိရသည်။

စစ်ရေးလှုပ်ရှားမှုများနှင့်ပတ်သက်၍ အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား ကြားဝင်စေ့စပ် ညှိနှိုင်း ဆောင်ရွက်ပေးနေသည့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် PCG အဖွဲ့က လတ်တလော စစ်ရေး တင်းမာမှုများမရှိသော်လည်းလှုပ်ရှားမှုများကြားသိနေရသည်ဟု ဦးလမိုင်ဂွမ်ဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။

ဦးလမိုင်ဂွမ်ဂျာက “အတိအကျတော့ မပြောနိုင်ဘူး ဒီ KIA တပ်မဟာ (၃)နဲ့ (၄) တွေမှာ စစ်အင်အားတွေ တိုးချဲ့နေတယ်ဆိုတာ တော့ ကြားနေတယ်”ဟု ပြောသည်။

ထိုသို့ ရှေ့တန်းတွင် စစ်ရေးတိုးချဲ့မှုများရှိနေသော်လည်း နှစ်ဖက်တပ်များကြား တင်းမာမှုမရှိပဲ အခြေအ နေငြိမ် သက်နေဆဲဖြစ်ကြောင်း သိရသည်။

အစိုးရနှင့် KIO ကြား အောက်တိုဘာလ ၈၊ ၉၊ ၁၀ တွေ့ဆုံဆွေးနွေးပွဲသည် ရလဒ်ကောင်းသည်ဟု ပြောဆိုမှုရှိနေချိန် တဖက်တွင် ထိုသို့ စစ်အင်အားတိုးချဲ့မှုများ ဆက်လက်ရှိနေခြင်းလည်း ဖြစ်သည်။

Most read this week