KIO ကိုယ်စားလှယ်ဆွေးနွေးပွဲအပြန်ခရီး လူငယ်တစ်ထောင်ကျော် လိုက်ပါပို့ဆောင်

KIO ကိုယ်စားလှယ်ဆွေးနွေးပွဲအပြန်ခရီး လူငယ်တစ်ထောင်ကျော် လိုက်ပါပို့ဆောင်
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်  မြစ်ကြီးနားမြို့ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ကိုယ်စားလှယ်များကို အောက်တိုဘာလ ၁၂ ရက် ဌာနချုပ်လိုင်ဇာမြို့ အပြန်ခရီးကို ဒေသခံလူငယ်များ ၁၀၀၀ ကျော်သည် ဝိုင်းမော်မြို့နယ်အထိ ဆိုင်ကယ်ဖြင့် စီတန်းပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့လိုက်ပါပို့ဆောင်သောလူငယ်များတွင် ကချင်အဆိုတော်များအဖွဲ့၊ မြစ်ကြီးမြို့နယ်အခြေစိုက် ဘာသာ ပေါင်းစုံမှ လူငယ်များ၊ လူငယ်ခေါင်းဆောင်များ အသီးသီးတို့သည် KIO အလံပါ တူညီ အင်္ကျီများကို ဝတ်ဆင်ကာ၊ ဆိုင်ကယ်စီးနင်းသူများက ဝိုင်းမော်မြို့နယ် အောင်မြေ (၂) အထိပို့ ဆောင်ခဲ့ပြီး ကားဖြင့် လိုက်ပါလာသူများက နမ်ဆန်ယန် အထိပို့ဆောင်ခဲ့ကြောင်းသိရသည်။

အစိုးရနဲ့ ဆွေးနွေးပွဲအပြီး ကချင်လူငယ်များ KIO ကိုယ်စားလှယ်အဖွဲ့အား မြစ်ကြီးနားမှ လိုင်ဇာသို့ လိုက်ပို့နေပုံ။

“ဘယ်သူ့ရဲ့တိုက်တွန်းမှုမပါပဲ ကျွန်တော်တို့လူငယ်တွေ ကိုယ့်စိတ်ဓါတ်နဲ့ကိုယ် ကေအိုင်အို ခေါင်းဆောင် တွေကို လိုက်ပို့တာပါ၊ သူတို့ကို အားပေးတဲ့သဘော၊ ကချင်ပြည်သူတွေဟာ အမြဲသူတို့ တတွေနဲ့ တသားတည်းရှိနေပါတယ်ဆိုတာ သူတို့ကိုပြချင် သိစေချင်တဲ့သဘောပါ” ဟု လူငယ်ခေါင်းဆောင်တဦးက ပြောသည်။

အဆိုပါလိုက်ပါပို့ဆောင်သူများတွင် ကချင်ပြည်နယ်ရှိ လူငယ် ၁၀၀၀ ကျော်နှင့်အတူ အစိုးဖက်မှ ရဲများ၊ PCG ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များအဖွဲ့၊ UN မှမစ္စမာရီယံတို့မှ နမ်ဆန်ယန် နမ်ဘန် မြစ်အထိ လိုက်ပို့ခဲ့ ကြောင်း သိရသည်။

လူငယ်များဖက်မှ KIO ခေါင်းဆောင်များကို ထိုသို့ အင်တိုက်အားတိုက်ပို့ဆောင်ခဲ့ခြင်းမှာ KIO သည် ကချင်ပြည်သူများအားလုံး၏ကိုယ်စားပြု အစိုးရအဖွဲ့ဖြစ်ခြင်း၊ KIO အလံသည် ပြည်နယ်အလံ ဖြစ်ပြီး၊ ၄င်းတို့အဖွဲ့၏လုပ်ဆောင်ချက်လုပ်ငန်းများသည်လည်း ပြည်သူများ၏ အရေးသာလျှင် ဖြစ်ကြောင်း မြန်မာတနိုင်ငံလုံးရှိ တိုင်းရင်းသားများအား အတိအလင်းမြင်စေလိုသောကြောင့် ဖြစ်ကြောင်း လူငယ်ခေါင်းဆောင်တဦးပြောသည်။

သူက “တမြို့လုံး ကေအိုင်အိုအလံတွေ ပလူပြန်နေတာတွေ့တော့ ဒီကနေ့ကို ကချင်ပြည်သူတွေ ငြိမ်းချမ်းရေးရသွားသလိုမျိုးခံစားရတယ်၊ ဝမ်းသာတယ်၊ စိတ်လည်းတအားလှုပ်ရှားတယ်” ပြောသည်။

အဆိုပါ လိုက်ပါပို့ဆောင်သော ဘက်ပေါင်းစုံမှ လူငယ်များသည် မိမိဆန္ဒအသီးသီးဖြင့် စုရုံးပို့ဆောင် ခဲ့ခြင်းဖြစ်ကြောင်းလည်း အုပ်စုထိန်းသိမ်းပေးသော လူငယ်ခေါင်းဆောင်တဦးကပြောသည်။

သူက “လူငယ်တွေ အတင်းသွားကြမယ်ဆိုတာ သိတယ်၊ အကြိုနေ့ကဆို ကိုယ့်ဘာသာသွားကြတော့ လူငယ်တွေတကွဲတပြားပုံစံအနေထားမျိုးတွေ့ရတယ်၊ ဒါကြောင့်သွားချင်တဲ့လူငယ်တွေကို ဒီလိုလေး လုပ်ရအောင်ဆိုပြီး၊ ပြောလိုက်တယ် အားလုံးကလည်းသဘောတူလက်ခံလို့ပိုပြီး စည်ကား အောင် ကျွန်တော်တို့ခေါင်းဆောင်တွေကို လိုက်ပို့ဖြစ်တာပါ”ဟု ပြောသည်။

KIO ခေါင်းဆောင် ကိုယ်စားလှယ်များသည် မြစ်ကြီးနားမြို့မှ ၄င်းတို့ဌာနချုပ် လိုင်ဇာမြို့သို့ အောက်တိုဘာလ (၁၂) ရက် နံနက်(၇)ကျော်တွင် ခရီးစတင်ခဲ့ရာ ညနေပိုင်းမွန်းလွဲ (၁)နာရီ ခန့်တွင် ဌာနချုပ်သို့ ငြိမ်းချမ်းစွာ ပြန်လည်ရောက်ရှိလာပြီးဖြစ်ကြောင်းလည်းသိရသည်။

ယခုကဲ့သို့ လူငယ်များနိုင်ငံရေးလမ်းကြောင်းတွင် အထူးစိတ်ပါဝင်စားစွာဖြင့် ပါဝင်လာခြင်းကို ကြည့်ခြင်း အားဖြင့် အနာဂတ်အတွက်ယုံကြည်စိတ်ချနိုင်သော အလားအလာကောင်းများအား ရှုမြင်ရသည်ဟု KIO ဖက်မှလည်း သုံးသပ်ပြောဆိုခဲ့သည်။

ထို့ပြင် ထို့နေ့တွင် လူငယ်များဦးဆောင်ကာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်း မနောတိုင်တွင် သမိုင်းဝင်အထိန်းအမှတ်တခုအဖြစ် ပထမအကြိမ် KIO အလံကို  တရားဝင် စိုက်ထူခဲ့ကြကြောင်းကိုလည်း သိရသည်။

Most read this week