လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အားလုံးဆွေးနွေးပွဲ KIO လိုင်ဇာတွင်ပြုလုပ်ရန် သဘောတူ

လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အားလုံးဆွေးနွေးပွဲ KIO လိုင်ဇာတွင်ပြုလုပ်ရန် သဘောတူ
by -
ကေအဲန်ဂျီ

တပြည်လုံးအတိုင်းအတာ အပစ်ရပ်လက်မှတ်မရေးထိုးမီ အောက်တိုဘာလအတွင်း KIO ဦးဆောင်ပြီး တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင် အားလုံးပါဝင်သော ဆွေးနွေးပွဲတရပ်ကို KIO  ဗဟိုဌာန ချုပ်လိုင်ဇာမြို့တွင် ပြုလုပ်ကျင်းပသွားရန် ၃ ရက်ကြာဆွေးနွေးပွဲတွင် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO သဘောတူညီမှုရခဲ့ကြသည်။

ထိုဆွေးနွေးပွဲထူးခြားချက်သည် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲသို့ KIO တက်ရောက်မည် မတက်ရောက်မည်ကို တိုင်းရင်းသားလက်နက်ကိုင်များအားလုံးနှင့် ဆွေးနွေးပွဲပြုလုပ်ရန် အစိုးရကသဘော တူခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင် PCG မှ ဦးလမိုင်ဂွမ်ဂျာ KNG ကချင်သတင်းဌာနသို့ ပြောသည်။

ဦးလမိုင်ဂွမ်ဂျာက “တနိုင်ငံလုံးအတိုင်းအတာ အပစ်ခတ်ရပ်စဲရေး ကျင်းပဖို့ရန် အစိုးရရဲ့စီမံချက်အစီအစဉ် တွေကို ပေးပို့မှာဖြစ်တယ်၊ KIO တက်မယ် မတက်ဘူးဆိုတာ အခြားတိုင်းရင်းသားတွေနဲ့ ဆွေးနွေးမယ်”ဟု ပြောသည်။

အဆိုပါ ‘တပြည်လုံးအတိုင်းအတာအပစ်ခတ်ရပ်စဲရေး’ နှင့်ပတ်သက်၍ အစိုးရအနေဖြင့် ကိုယ်တိုင်ကြေငြာပြီး လက်တွေ့ဆောင်ရွက်ခြင်းအားဖြင့် ဖြေရှင်းသွားနိုင်မည့်ကိစ္စရပ်ဖြစ်ကြောင်း KIO တွေ့ဆုံဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် (Sumlut Gam) က ပြောသည်။

အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ ၃ ရက်ကြာ ပြုလုပ်သော အစိုးရနှင့် KIO တို့ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲတွင်လည်း အပစ်ရပ်ရေးကိစ္စနှင့်ပတ်သက်၍ တိုင်းရင်းသားများအားလုံးပါ၀င်သော ဆွေးနွေးပွဲပြုလုပ်ရန် အချက် ရ ချက်ကို သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

သဘောတူညီချက်များတွင် ပြီးခဲ့သည့် မေလ ၂၈-၃၀ ရက်နေ့ ဆွေးနွေးပွဲတွင် သဘောတူထားသည့် ပစ်ခတ်တိုက်ခိုက်မှုများ လျော့ချနိုင်ခြင်း၊ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ကြသော ပြည်သူများ မူလနေ ထိုင်ရာအရပ်သို့ ပြန်နိုင်ရေး၊ စစ်ရှိန်လျော့ချရေးနှင့် တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေရေးအတွက် ပူးတွဲစောင့် ကြည့် ကြီးကြပ်ရေးကော်မတီ Join Monitoring Committee အား ပဋိပက္ခဖြစ်ပွားရာ ဒေသအားလုံး အကျံုးဝင်စေမည့် ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းသွားရန် သဘောတူခဲ့ကြသည်။

ပဋိပက္ခကြောင့် ပုံမှန်သွားလာနိုင်မှုမရှိသော အများပြည်သူအသုံးပြုသည့်လမ်းများနှင့် အရေးပါသော လမ်းများ၊ ပုံမှန်ပြန်လည်သွားလာနိုင်ရေး နှစ်ဖက်ညှိနှိုင်း၍ အမြန်ဖွင့်လှစ်သွားရန်နှင့် KIO အနေဖြင့် သက်ဆိုင်ရာ တာရှိသူများအား ကြိုတင်ညှိနှိုင်းပြီး ပြည်သူများနှင့် လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးတိုင် ပင်ခြင်းများ Public Consultation ပြုလုပ်ရန်အပြင် ရှေ့လုပ်ငန်စဉ်များကို နှစ်ဖက်အလုပ်အဖွဲ့ Technical Team များက ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန်နှင့် နောင်ကျင်းပမည့် ဆွေးနွေးပွဲများကို အမြန်ဆုံးကျင်းပ နိုင်ရေး နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရန်ဖြစ်သည်။

ကချင်ပြည်နယ်မြစ်ကြီးနားမြို့ မဂျွယ်ခန်းမတွင်ပြုလုပ်သော အဆိုပါဆွေးနွေးပွဲတွင် အစိုးရဖက်မှ ပြည် ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်၍ မြန်မာငြိမ်းချမ်းရေး စင်တာ MPC အဖွဲ့နှင့် ၀န်ကြီး ဦးအုန်းမြင့်၊ စစ်တပ်ဘက်မှ အရာရှိများ၊ တိုင်မှူးများ တက်ရောက်ကာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဖက်မှ ဆွေးနွေးပွဲခေါင်းဆောင် ဆရာကြီး ဦးဆွမ်လွတ်ဂမ် ဦးဆောင်၍ စစ်ဖက်မှ  ဗိုလ်ချုပ်ဂွမ်မော်တို့ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

စောင့်ကြည့်လေ့လာသူများအဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေနမ် ဘီးယားနှင့် မေရီယံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှသံအဖွဲ့ဝင် ၅ ဦး၊ တိုင်းရင်းသားအဖွဲ့အစည်းမှ ကိုယ်စား လှယ်များ၊ မျိုးနွယ်စုနှင့် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖ ဘာသာရေး အသင်းအဖွဲ့များမှ ဆရာတော်များပါ၀င်တက်ရောက်ခဲ့ကြောင်း သိရသည်။

Most read this week