KIA တပ်ဖွဲ့အား ဓါတုအဆိပ်ငွေ့ပါသောလက်နက်ကြီးဖြင့် မြန်မာအစိုးရပစ်ခတ်

KIA တပ်ဖွဲ့အား ဓါတုအဆိပ်ငွေ့ပါသောလက်နက်ကြီးဖြင့် မြန်မာအစိုးရပစ်ခတ်
by -
ကေအဲန်ဂျီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မူဆယ်အနီးရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA  တပ်ရင်း ၉ နယ်မြေ၊ နမ်မူဘွမ် Nam Mu Bum ဒေသသို့ ယခုလ ၄ ရက်နေ့နံနက်ပိုင်းတွင် အစိုးရလှုပ်ရှားတပ်ဖွဲ့က KIA တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် ဓါတုအဆိပ်ငွေ့ပါလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အင်အား ၂၀ ခန့်ရှိသော အစိုးရခြေလျင်တပ်ရင်း ခလရ ၂၉၀ သည် KIA ပြည်သူ့စစ် MKM နှင့် မိနစ် ၂၀ ကျော်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြပြီးနောက် ဓါတုလက်နက်ဟုယူဆရသော လက်နက်ကြီး ၆၀ မမဖြင့် ၅ ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ KIA ၆ ဦးထိခိုက်ခဲ့ကြောင်း KIA ရှေ့တန်းအရာရှိတဦး KNG ကချင်သတင်း ဌာနသို့ ပြောသည်။

myen-hpyen-lahta-sammung

အဆိုပါလက်နက်ကြီးကျရောက်ပေါက်ကွဲပြီးနောက်  KIA ပြည်သူ့စစ် MKM တပ်ဖွဲ့ဝင် ၆ ဦးသည် အဆိပ်ငွေ့ ကို ရှူရှိုက်မိပြီး မိနစ် ၃၀ ခန့် ခေါင်းမူးဝေခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

သူက “ကျနော်တို့က အဲလိုဖြစ်လာတာနဲ့ တခါထဲ ကြက်သွန်ဖြူတွေကြွေးတယ်။ ကိုယ့်ဆီး ကိုယ် သောက်ခိုင်း လိုက်တယ်၊ ပြီးတော့ ကျနော်တို့ဘက်မှာ လက်ဖက်ပေါတော့ လက်ဖက်တွေစားခိုင်းလိုက်တယ်” ဟုဆိုသည်။

၎င်းအစိုးရတပ်သည် မူဆယ်အနီးတွင် လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ်ပြီး ယခုချိန်တွင် စစ်ကူအင်အား ၅၀ ခန့် ထပ်မံတိုးချထားကြောင်း သိရသည်။

KIA နှင့်မြန်မာအစိုးရနှစ်ဖက် နည်းပညာအဖွဲ့များတွေ့ဆုံဆွေးနွေးချိန်တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ချထားသော တပ်မဟာအသီးသီးသို့ အစိုးရဖက်မှ အင်အားများ တိုးချနေပြီး လှုပ်ရှားမှုများ ရှိနေကြောင်း KIA ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က (Sumlut Gam) ပြောသည်။

Most read this week