ကရုဏာအဖွဲ့က ဂျေယန့်ဒုက္ခသည်စခန်းနေအိမ်အချို့ကို ပြန်လည်ပြုပြင်ပေးမည်

ကရုဏာအဖွဲ့က ဂျေယန့်ဒုက္ခသည်စခန်းနေအိမ်အချို့ကို ပြန်လည်ပြုပြင်ပေးမည်
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်၊ တရုတ်နယ်စပ် လိုင်ဇာရှိ ဂျေယန့်ဒုက္ခသည်စခန်းတွင် ပြန်လည်ပြုပြင်ရန် လိုအပ်နေသည့် ဒုက္ခသည်အိမ်ထောင်စု (၇၀၀) အတွက် အိမ်ခန်းအသစ်များအား မြစ်ကြီးနား ရိုမန်ကက်သလစ် ကရုဏာအဖွဲ့ KMSS က ယခင်ထက်ပိုမိုကောင်းမွန်အောင်ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း စခန်းတာဝန်ရှိသူများ ထံမှသိရသည်။

အဆိုပါ ဒုက္ခသည်အိမ်ခန်းများသည် လွန်ခဲ့သည့် ၂၀၁၁ခုနှစ်မှ  ဆောက်လုပ်ပေးခဲ့သော အိမ်ခန်းတန်းလျား များဖြစ်သောကြောင့် ယခုချိန်တွင် ပျက်စီးယိုယွင်းလာပြီး၊ ၄င်းအထဲမှ အများစုဖြစ်သော မိုးကာဖြင့် ဆောက်လုပ်ထားသည့်အိမ်ခန်းများကို အသစ်ပြုပြင်ခြင်းဖြစ်ကြောင်း စခန်းအတွင်းရေးမှူးက ပြောသည်။

သူက“အထူးသဖြင့် မိသားစုငါးဦးရှိတဲ့ အိမ်ထောင်စုတွေနဲ့ မိုးကာအိမ်တွေကို ဦးစားပေး အသစ်လဲပေးတယ်၊ မိုးကာအိမ်တွေကျန်နေသေးတဲ့ ရပ်ကွက် ၅၊ ၆၊ ရ တွေမှာ ဦးစားပေးလဲသွားမှာဖြစ်တယ်၊ အသစ်ဆောက် မယ့် အိမ်ခန်းတွေက အရင်ကထက်ပိုကောင်းနိုင်တယ်” ဟု ဆိုသည်။

ဂျေယန့်ဒုက္ခသည်စခန်းရှိ အိမ်တန်းလျားသစ်များကို ၉၆ ပေရှိ တန်းလျား ၁၁၇ တန်း ဆောက်လုပ်မည်ဖြစ် ပြီး၊ တန်းလျားတစ်ခုတွင် ၆ ခန်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“အရင်အိမ်တန်းတွေမှာ ၉၀ ပေရှည်ပြီး ၁၀ ခန်းပါတယ်၊ အခုက ပေလည်းပို၊ အခန်းအရေ အတွက်ပါလျော့ တော့ပိုအဆင်ပြေနိုင်တယ်၊ အောက်က အခင်းကျတော့သီးခြားကာမှာ၊ အခန်းတစ်ခုနဲ့တစ်ခုကြား မီးဖိုချောင် ထည့်သွားမှာဖြစ်တယ်” ဟု စခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သို့သော် ရာနှင့်ချီအရေအတွက်ရှိ ပျက်စီးသည့်အိမ်ခန်းတန်းလျားများ ဆောက်လုပ်ပေးနေသော်လည်း စခန်းရှိဒုက္ခသည်များအတွက် အိမ်ခန်းလုံလောက်ခြင်းမရှိသေးကြောင်း ဒုက္ခသည်စခန်း အတွင်းရေးမှူး ကဆက် ပြောသည်။

သူက “စခန်းထဲမှာအိမ်ထောင်စုတစ်ထောင်ကျော်ရှိတယ်၊ အခုက ခုနှစ်ရာအတွက်ရပြီဆိုတော့ နောက်ထပ်ထက်ဝက်လောက် လိုပါသေးတယ်၊ အိမ်တွေအားလုံးက ၂ နှစ်ကျော်နေပြီ ဆိုတော့ အသစ်လဲဖို့ လိုအပ်နေပြီ” ဟုဆိုသည်။

အိမ်တန်းလျားသစ်များကို ဒီဇင်ဘာအကုန်တွင်အပြီးဆောက်ရန်စီစဉ်ထားပြီး၊ ယခုလ ၂ ရက်နေ့မှ ဆောက်လုပ်မှု စတင်နေပြီဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေးပစ္စည်းကိရိယာများသည် အိမ်တန်းလျား ၆၀ ကျော်အတွက်သာ ယခုအချိန်ရောက်ရှိသေးရာ အိမ်တန်းလျားတစ်ခုအား တစ်ပတ်အချိန်တွင်း အပြီးဆောက်လုပ်ရန် လျာထားကြောင်း သိရသည်။

ဂျေယန့်ဒုက္ခသည်စခန်းတွင် လွန်ခဲ့သောအပတ်က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ စောင်၊ခြင်ထောင်၊ မိုးကာ၊ ပုံး၊ အိုး၊ ဖျာနှင့်အမျိုးသမီးသုံး ပစ္စည်းများလာရောက် ကူညီခဲ့သော်လည်း စခန်းတွင်လက်ရှိ သန့်ရှင်းရေးဆိုင်ရာအသုံးအဆောင်ပစ္စည်းများနှင့် ကိုယ်ဝန်ဆောင်မိခင် အာဟာရများ အထူးလိုအပ်နေသေးကြောင်း သိရသည်။

အဆိုပါ ဒုက္ခသည်စခန်းသည် ကချင်တစ်ပြည်နယ်လုံးရှိ ဒုက္ခသည်စခန်းများတွင် အကြီးဆုံးဖြစ်ကာ၊ လူဦးရေ ၈ ထောင်ကျော်နှင့် အိမ်ထောင်စု ၁ ထောင်ကျော် မှီခိုနေကြောင်းသိရသည်။

ထိုစခန်းအိမ်တန်းလျားအသစ်ဆောက်လုပ်ရာတွင် လိုအပ်သောငွေကြေးများကို မြစ်ကြီးနားကရုဏာမှ ကွင်းဆင်းကြီးကြပ်တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

Most read this week