ကချင်လွတ်မြောက်ရေးတပ် KIA နေရာ အစိုးရတပ်များစစ်အင်အားတိုးချနေ

ကချင်လွတ်မြောက်ရေးတပ် KIA နေရာ အစိုးရတပ်များစစ်အင်အားတိုးချနေ
by -
ကေအဲန်ဂျီ

မြန်မာအစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှစ်ဖက်နည်းပညာအဖွဲ့များ ညှိနှိုင်းဆွေးနွေးနေဆဲအချိန်တွင် တပ်အပြောင်းအလဲပြုလုပ်ကာ အစိုးရတပ်ဖွဲ့များက KIO နယ်မြေများသို့ စစ်အင်အားများတိုးချဲ့နေကြောင်း သိရသည်။

မြန်မာအစိုးရတပ်များသည် စက်တင်ဘာလကုန်ပိုင်းမှစတင်၍ KIA တပ်မဟာ ၃ ၊၄ ၊ ၅ နယ်မြေများသို့ တပ်အပြောင်းအလဲပြုလုပ်ကာ စစ်အင်အားများ ထပ်မံတိုးချဲ့ခဲ့ခြင်း ဖြစ်သည်။

မြစ်ကြီးနား-ကန်ပိုင်တီလမ်းပေါ်မှ အစိုးရ တပ်မ ၃၃ စစ်သားတစ်ဦး။

KIO ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် “အစိုးရစစ်တပ်တွေ ဗန်းမော်ဘက်တွေမှာ အင်အား ဆက်လက်ဖြည့်နေတယ်၊ တပ်လှုပ်ရှားမှုတွေလုပ်ပြီး အင်အားတွေထပ်ဖြည့်နေတယ်။ တိုက်ပွဲ အနည်း အကျဉ်းတော့ ဖြစ်နေဆဲပဲ” ဟု KNG ကချင်သတင်းဌာနသို့ ပြောသည်။

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နှင့် ၁၂ နယ်မြေတွင် အစိုးရတပ် စကခ ၁၆ လက်အောက်ခံတပ်ဖွဲ့အင်အား ၃၀၀ ခန့်ချထားပြီး ယခုလ ၃ ရက်နေ့တွင်လည်း စစ်ယာဉ်တန်းကား ၃ စီးဖြင့် မူဆယ်၊ နမ့်ခမ်းလမ်းဖက်သို့ ထပ်မံတိုးချဲ့လာကြောင်း ရှေ့တန်းရောက် KIA အရာရှိများက ပြောသည်။

ထို့အပြင် KIO ဗဟိုဌာနချုပ်ရှိရာ တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၃) ဒေသတွင် အစိုးရတပ် ဒကစ (တနိုင်း) တပ်များသည် မြစ်ကြီးနား-ပန်ဝါ၊ မြစ်ကြီးနား-ကန်ပိုင်တီလမ်းတွင် အင်အားတိုးချဲ့ချထားသည့် အပြင် လိုင်ဇာ ဗဟိုဌာနချုပ်အနီးတွင်လည်း တပ်အပြောင်းအလဲပြုလုပ်ကာ အင်အား ၁၀၀ ကျော်ခန့် လှုပ်ရှားနေကြောင်း KIO တပ်မဟာ (၅)အရာရှိ တစ်ဦးဆိုသည်။

ထို့အတူ ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ (၄) နယ်မြေ၊ တပ်ရင်း ၂ ၊ ၈ ၊ ၃၄ ၊ ၃၆ ဒေသတွင် အစိုးရ တပ်များလှုပ်ရှားနေဆဲဖြစ်ပြီး KIA တပ်ရင်း (၁၂) နယ်မြေသို့လည်း ရွှေဂိုဘက်မှ အစိုးရစစ်အင်အားများ ယခုရက်ပိုင်းအတွင်း ထပ်မံတိုးချဲ့လာကြောင်း သိရသည်။

နှစ်ဖက်စစ်ရေးအရှိန်လျှော့ချရန် စောင့်ကြည့်နေစဉ် နယ်မြေကျူးကျော်လာပါက တိုက်ပွဲအချိန်မရွေးထပ်ဖြစ် ပွား နိုင်ကြောင်း KIA တပ်ခွဲမှူး ဇော်ဆိုင်း ပြောသည်။

ယခုလ ၃ ရက်နေ့၊ နံနက် ၅ နာရီခွဲချိန်တွင်လည်း KIA တပ်ရင်း ၃၄ နယ်မြေ၊ မန်တုံမြို့နယ်၊ မုန်မြစ်တွင် ပလောင်လွတ်မြောက်ရေးတပ်နှင့် အင်အား ၅၀ ခန့်ရှိသော အစိုးရတပ်များ နာရီဝက်ကြာ ရင်ဆိုင်တိုက်ပွဲဖြစ် ပွား ခဲ့ကြောင်း KIO တပ်မဟာ (၄) အရာရှိ တဦးပြောသည်။

ယခုလ ၂ ရက်နေ့တွင် MPC မှ ဦးလှမောင်ရွှေ ဦးဆောင်သော ကိုယ်စားလှယ်များ၊ ကချင်ပြည်နယ် မြောက် ပိုင်း တိုင်းစစ်ဌာနချုပ်ကိုယ်စားလှယ်များနှင့် ဗိုလ်မှူးကြီးလအောင် ဦးဆောင်သော KIO ကိုယ်စားလှယ်ရှစ်ဦး တို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အကြိုဆွေးနွေးပွဲတစ်ရပ်ကို မြစ်ကြီးနားမြို့ တွင် ဆွေးနွေးခဲ့ကြသည်။

မြန်မာအစိုးရနှင့် ကချင်ပြည်နယ်လွတ်လပ်ရေးအဖွဲ့ KIO တို့သည် လာမည့်အောက်တိုဘာ ၈ ရက်နေ့တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပရန် စီစဉ်လျှက်ရှိသည်။

Most read this week