ဇိုင်းအောင်စခန်းရှိ ဒုက္ခသည် ၂၀၀ ခန့်တွင် နှာစေး၊ချောင်းဆိုးဖြစ်ပွားနေ

ဇိုင်းအောင်စခန်းရှိ ဒုက္ခသည် ၂၀၀ ခန့်တွင် နှာစေး၊ချောင်းဆိုးဖြစ်ပွားနေ
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဇိုင်းအောင် (Zai Awng) တရုတ်နယ်စပ် ဒုက္ခသည်စခန်းတွင် လူကြီး လူငယ် အယောက် ၂၀၀ ခန့်တွင် အအေးမိ နှာစေး၊ ချောင်းဆိုး ရောဂါဖြစ်ပွားနေပြီး ဆေးဝါးများအရေး ပေါ်လိုအပ်နေကြောင်း သိရသည်။

စက်တင်ဘာလကုန်ပိုင်းမှ စ၍ဖြစ်ပွားနေခြင်းဖြစ်ပြီး လူနာများနေ့စဉ်မပျက် ဆေးခန်းသို့ ရောက်ရှိ လာကာ ယခုချိန် ၎င်းတို့အား ကုသပေးရန်ဆေးဝါးများ ပြတ်လပ်နေသည်ဟု ဇိုင်းအောင် (Zai Awng) ဒုက္ခသည် တာဝန်ခံ ဆရာဘရန်ဆန် KNG ကချင်သတင်းဌာန သို့ပြောသည်။

mungga-zup-idp-camp

ဆရာဘရန်ဆန်က “အသက်အရွယ်မရွေး တချိန်ထဲဖြစ်လာတာ ချောင်းဆိုး၊ ရင်ကျပ်၊ ကိုယ်ပူပြီး ချောင်းဆိုး တာ လည်း မရပ်မနားဘဲ မိသားစုအလိုက်ဖြစ်နေတာ၊ ရှိတဲ့ဆေးတွေလည်း အားလုံးကုန်ပြီ မနှစ်ကလည်းဖြစ် တယ်၊ဒါပေမယ့် ဒီလောက်ထိမဖြစ်ဘူး”ဟု ပြောသည်။

တစ်နှစ်အောက် ကလေးငယ်များ၌ အများဆုံးချောင်းဆိုး၊ ရင်ကြပ်၊အဖျားတက်ခြင်း အများဆုံး ဖြစ်ပွားနေပြီး ခက်ခဲစွာရင်ဆိုင်နေရသဖြင့် ဆေးဝါးများလုံလောက်မှုမရှိဖြစ်နေချိန် မိသားစုအလိုက် ရောဂါကူးစက်ပြန့်ပွား လာမည့်အခြေအနေကို ကျန်းမာရေးအဖွဲ့မှ စိုးရိမ်နေကြရသည်။

“ဖျားနေတဲ့အခြေအနေက ကလေး လူကြီးမရွေးအားလုံး အတူတူပဲ ဖြစ်နေတယ်။ နှာခေါင်းပိတ်တယ်၊ နှာရည်ယိုတယ်၊ အဖျားတက်တာမကျနိုင်ဘူး။ ဆေးခန်းသွားရင်လည်း လူနာများသလောက် ဆေးကမ လောက်ဘူးဆိုတော့ အရမ်းခက်ခဲနေတယ်” ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ဆရာ လနူး ပြောသည်။

ရာသီဥတုပြောင်းလဲလာခြင်းနှင့် မသန့်ရှင်းသောရေများကြောင့် ရောဂါဖြစ်ပွားလျှက်ရှိရာ ယခုနှစ်တွင် ဆေးဝါးလုံလောက်မှုမရှိခြင်းကြောင့် ယခင်နှစ်များထက် ပိုမိုကူးစက်ပြန့်ပွား လာခြင်းဖြစ်သည်ဟု ဒုက္ခသည် စခန်း တာဝန်ရှိသူများပြောသည်။

မုန်ဂါဇွပ် (Mung Ga Zup) ဟူ၍လည်းခေါ်ဆိုသော ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းတွင် ကချင်နှစ် ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကျန်းမာရေးဌာနနှင့် တရုတ်ပြည် ယူနန်ပြည်နယ် ယင်ဂျန်းအသင်းတော်များက ဆေးဝါးများကူညီပေးနေခြင်းဖြစ်ပြီး ဆက်လက်၍ အကူအညီ ပေးရန်ရှိသောကြောင့် စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း သိရသည်။

ဒုက္ခသည်အများဆုံးနေထိုင်သော ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းတွင် အိမ်ခြေ ၆၄၀ ရှိပြီး လူဦးရေ ၂၄၃၀ ရှိကြောင်း သိရသည်။

Most read this week