တရုတ်နယ်စပ် ဒုက္ခသည်စခန်းများတွင် ဆောင်းအဝင်အကူညီများလိုအပ်

တရုတ်နယ်စပ် ဒုက္ခသည်စခန်းများတွင် ဆောင်းအဝင်အကူညီများလိုအပ်
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်၊ တရုတ်နယ်စပ်တလျှောက် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်စခန်းများတွင် ဆောင်းရာသီ ရောက်လာသည်နှင့်အမျှ အအေးဒဏ်ကိုခံနိုင်သည့်စောင်များနှင့် ပျက်စီးနေသောယာယီစခန်းများ ပြန်လည်ပြုပြင်ရန် အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း စခန်းတာဝန်ရှိသူများကပြောသည်။

ယခုနှစ်စက်တင်ဘာလအတွင်း UN မှ ကူညီထောက်ပံ့များ ၃ ကြိမ်ရရှိပြီဖြစ်သော်လည်း တရုတ်နယ်စပ် ဗန်းမော်ခရိုင်၊လွယ်ဂျယ် (Loije)၊ မိုင်ဂျာယန် (Mai Ja Yang)နှင့် ပန်ဝါ (Pangwa) ဒေသများတွင် ခိုလှုံနေသော ဒုက္ခသည်များအတွက် ၄င်းတို့၏ယာယီတဲများပြန်လည်ဆောက်လုပ်ပေးရန် အရေးပေါ်လိုအပ်လာခြင်းဖြစ်ကြောင်း KIO ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဆလန်ကဘာဒွဲပီဆာ (Salang Kaba Doi Pyi Sa) ကပြောသည်။

တရုတ်နယ်စပ်ကချင်ဒုက္ခသည်စခန်း(KNG)

“နေအိမ်လေးတွေ ဘာတွေ ပျက်တာဆွေးသွားတာရှိတယ်၊ အဲဒါပြန်လုပ်ရမယ်၊ ပန်ဝါဖက်မှာဆိုရင်တော့ တရုတ်ပြည်ထဲမှာနေတဲ့ ဒုက္ခသည်စခန်းဖြစ်တယ်။ အဲဒီထဲမှာ အခက်ခဲဆုံးဖြစ်တယ်၊ နေအိမ်လည်းကောင်းကောင်းမရှိဘူး၊ ကားလမ်းနံဘေးမှာပဲ ဖြစ်သလို တဲထိုးပြီးမှနေရတယ်” ဆလန်ကဘာဒွဲပီဆာ ကပြောသည်။

ယခုချိန် ဆောင်းအဝင်ဖြစ်လာသည့်နှင့်အလျောက် နယ်စပ်ဒေသ အအေးလွန်ကဲသော ရာသီဥတုဒဏ်ကို ကာကွယ်နိုင်ရန် ဒုက္ခသည်များအတွက်စောင်များ လုံလောက်မှုမရှိသေးကြောင်း မိုင်ဂျာယန် ဒုက္ခသည်စခန်များကိုကြည့်ရှုနေသော Wunpawng Ninghtoi (WPN) အဖွဲ့တာဝန်ခံ ဒေါ်မေရီတောမ် (Mary Tawm) က ပြောသည်။

သူမက “တရုတ်ပြည်နယ်စပ်မှာဆောင်းတွင်းဆိုတာ ရန်ကုန် မန္တလေးနဲ့ယှဉ်လို့မရဘူး။ ဒီလိုအအေးဒာဏ်ကို ကျမတို့က ဂွန်းကပ်စောင် ၂ထည်နဲ့ဆိုရင်တောင်မှ ခံနိုင်ဖို့ိသိပ်မလွယ်ဘူး။ အခု IDP တွေရဲ့တဲတွေကို သွားကြည့်လိုက်ပါ အကုန်လုံးဟာလာဟင်းလင်းပဲ အပေါ်ဘက်ဆိုအမိုးပွင့် လေအချိန်မရွေးတိုးနေတယ်” ဟု ပြောသည်။

အောက်တိုဘာကုန်ပိုင်းမှစ၍ အအေးလွန်ကဲမှုဖြစ်ပွားလာချိန်တွင် တရုတ်နယ်စပ်စခန်းများ၌ နေထိုင်ကြသော သက်ကြီးရွယ်အိုများ ကျန်မာရေးအတွက်ပို၍ စိုးရိမ်နေရပြီး အဟာရနှင့်အတူ အအေးဒဏ်လုံခြုံမှုအတွက် နေအိမ်၊ အနွေးအထည်များ ဖြည့်ဆည်းပေးရန်လိုအပ်ကြောင်း ဒေါ်မေရီတောမ် ဆက်ပြောသည်။

“ဆောင်းတွင်းရောက်လာပြီဆိုရင် အဟာရမဖြည့်ပေးနိုင်ရင်တော့ အသက်ကြီးသူတွေက ကျမ်းမာရေးပိုချို့တဲ့တယ်၊ချမ်းလို့ သေဆုံးတဲ့အထိဖြစ်တတ်တယ်။ လူကြီးသာမက ကလေးအတွက်လည်း အနွေးထည်တွေလိုလာတယ်။ ခုဆိုရင် အေးလာပြီဆိုတာနဲ့ နှာစျေးချောင်းဆိုးတာတွေလည်းဖြစ်လာတယ်” ဟု သူမကပြောသည်။

ပြည်တွင်းရှိ စေတနာရှင်များသည် ဒုက္ခသည်များအတွက် အစားအသောက်၊ အသုံးအဆောင်ပစ္စည်း၊ ဆေးဝါးများကို ပုံမှန်ရရှိနိုင်ရန် စီစဉ်ပေးလျက်ရှိနေသော်လည်း လစ်ဟာနေသည့် အခြားအခက်အခဲ များကြောင့် နိုင်ငံတကာအကူအညီများကို ဆက်လက်လိုအပ်နေခြင်း ဖြစ်သည်။

တရုတ်နယ်စပ် KIO ထိန်းချုပ်နယ်မြေများတွင် ပုံမှန်အားဖြင့် စားနှပ်ရိက္ခာများကို ရိုမန်ကက်သလစ် ဂရုဏာအဖွဲ့၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၊ မေတ္တာ အဖွဲ့နှင့် စေတနာရှင်များက ကူညီပေးလျက် ရှိရာ ယခုချိန်တွင် ဒုက္ခသည်ကျောင်းသားများအတွက်လည်း ကျောင်းအသုံးအဆောင်ပစ္စည်း၊ စာသင်ဆောင်နှင့် အစာအဟာရဖြည့်ပေးရန် လိုအပ်နေကြောင်းသိရသည်။

တဖက်တွင်လည်း ဒုက္ခသည်များလုံခြုံရေးသည် ယခုရက်ပိုင်းအတွင်း ဗန်းမော်ခရိုင်မန်စီမြို့ မုန်းဒိန်ပါ (Mung Ding Pa) အနီး ၂ မိုင်အကွာတွင် အစိုးရစစ်တပ်များ စစ်အင်အားတိုးချဲ့လှုပ်ရှားမှုများ ရှိနေသောကြောင့် မုန်းဒိန်ပါ (Mung Ding Pa) သို့ ကျောင်းတက်နေသော ဒုက္ခသည်ကလေးများက စိုးရိမ်ထိတ်လန့်မှု အခြေအနေများလည်းရှိနေကြောင်း သိရသည်။

တရုတ်နယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အုပ်ချုပ်နယ်မြေ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည် ၈ သောင်းကျော်ခိုလှုံနေရပြီး တိုက်ပွဲဖြစ်ပွားနေသည့်နေရာများတွင်လည်း ယခုချိန်အထိ စစ်ပြေးတိမ်းရှောင် နေကြရဆဲဖြစ်ကြောင်း သိရသည်။

Most read this week