မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဆိုင်းထားသော်လည်း ဒေသခံများစိုးရိမ်နေဆဲ

မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဆိုင်းထားသော်လည်း ဒေသခံများစိုးရိမ်နေဆဲ
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်၊ မြစ်ဆုံရေကာတာ စီမံကိန်းအား မြန်မာအစိုးရတရားဝင်ရပ်ဆိုင်းထားသော်လည်း တရုတ်နို်င်ငံ လျှပ်စစ်ဓါတ်အားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (CPI)မှ လှုပ်ရှားမှုများ ရပ်ဆိုင်းသွားခြင်း မရှိသေးကြောင်း မြစ်ဆုံစီမံကိန်းကျေးရွာနယ်မြေ ဒေသခံများကပြောသည်။

စီမံကိန်းရပ်ဆိုင်းကာလ ၂ နှစ်အတောအတွင်း ၄င်းကုမ္ပဏီသည် မြစ်ဆုံစီိမံကိန်းရှိရာ ဒေသများသို့ ကားများဖြင့် မကြာခဏသွားရောက် ကြည့်ရှုစစ်ဆေးမှုများပြုလုပ်သည့်အပြင် ဒေသခံများအား စည်းရုံးပြော ဆိုနေကြောင်း သိရသည်။

မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းထားတဲ့ ၂ နှစ်ပြည့် အခမ်းအနား

“စက်တင်ဘာအတွင်းမှာ ၄ ကြိမ်လောက်ကိုသွားတယ်၊ စီမံကိန်းပြန်စမလာမလားစိတ်နဲ့ ကျွန်တော်တို့ ဒေသခံတွေကဘာမသိညာမသိနဲ့ ပြန်ပြီးခံနေရမှာစိုးတယ်၊ ပြီးတော့ အောင်မြင်သာရပ်ကွက်သစ်မှာနေတဲ့ ဒေသခံတွေကိုလည်း သူတို့ရဲ့မြေ၊ လယ်ယာတွေကိုရောင်းဖို့စည်းရုံးမှုတွေလည်းလုပ်နေကြားတယ်” ဟု အသင်းတော် ဆရာလဒွဲ ကပြောသည်။

အဆိုပါတရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အားရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း(CPI)မှ ၄င်းတို့ စီမံကိန်းရှိရာသို့ သွားလာလှုပ်ရှားမှုနှင့်ပတ်သက်၍ စိုးရိမ်ရသည့်အခြေအနေမရှိကြောင်း ကချင်ပြည်နယ်လူမှုဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောသည်။

သူမက “ကချင်ပြည်နယ်ဝန်ကြီးတွေအနေနဲ့ မြစ်ဆုံစီမံကိန်းကို အလေးထားဆောင်ရွက်တဲ့ကိစ္စဖြစ်တယ်၊ ပြီးခဲ့တဲ့လအတွင်း သွားလာနေတယ်ဆိုတာ သူတို့ရဲ့ကျန်ရှိနေသေးတဲ့ စက်ယန္တရားတွေ၊ ပစ္စည်းတွေကိုသွားရောက် ကြည့်ရှု နေတာဖြစ်ပြီး၊ အဲဒီအပေါ်ဒေသခံတွေ အမြင်မမှားဖို့မှာကြားချင်တယ်၊ စိတ်ပူပန်စရာမလိုဘူး” ဟု ဆိုသည်။

ထို့အပြင် ဒုက္ခသည်စခန်းများသို့ သွားရောက်ကူညီနေသော ကချင်ပြည်နယ်အစိုးရဝန်ကြီး ကယ်ဆယ်ရေး အဖွဲ့မှ စီမံကိန်းနေရာသို့ ဝင်ရောက်ကြည့်ရှုမှုသာဖြစ်ကြောင်း ပြောသည်။

သို့သော်လည်း (CPI)၏လှုပ်ရှားမှုများနှင့် ပြောဆိုစည်းရုံးမှုများကြောင့် စီမံကိန်းဆက်လက် အကောင်ထည် ဖော်မည်ကို စိုးရိမ်ပူပန်နေကြောင်း ဒေသခံများမှသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၃၀) ရက်နေ့က ကချင်ပြည်နယ်မြစ်ကြီးနားမြို့ သီတာ (အင်ဂျန်းကောင်) ရပ်ကွက်တွင်ကျင်းပသော မြစ်ဆုံရေကာတာစီမံကိန်းရပ်ဆိုင်းရေး (၂) နှစ်ပြည့်အခမ်းအနား တက်ရောက်သူ (၃၀၀) ဦးကျော်က မြစ်ဆုံရေကာတာ စီမံကိန်းတားမြစ်ရေးလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဆိုင်းရေး (၂) နှစ်ပြည့်အခမ်းအနားတွင် ဘာသာပေါင်းစုံမှ ဆရာကြီးများ၊ ဒေသတွင်းရှိပါတီ ပေါင်းစုံမှတာဝန်ရှိသူများ၊ ရိုးရာနှင့်စာပေယဉ်ကျေးမှု ကော်မတီများ၊ လူငယ်များနှင့် ကချင်ပြည်နယ်ရှိ မူဆလင်၊ ဂေါ်ရခါး၊ ပန်ချာလူမျိုးများပါ၀င်တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

Most read this week