ကချင်ပြည်နယ် ဒီမိုကရေစီပါတီကို တရားဝင်မှတ်ပုံတင် မချပေးသေး

ကချင်ပြည်နယ် ဒီမိုကရေစီပါတီကို တရားဝင်မှတ်ပုံတင် မချပေးသေး
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ဒီမိုကရေစီပါတီ Kachin State Democracy Party (KSDP) ပါတီသည် တရားဝင်ဖြစ်ရေး အတွက် နေပြည်တော်ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားပြီးနောက် စက်တင်ဘာလလယ်ပိုင်းတွင် ချပေးမည်ဟု မျှော်လင့်ထားသော်လည်း အကြောင်းပြန်ခြင်း တစုံတရာမရှိသေးကြောင်းသိရသည်။

နေပြည်တော်ရွေးကောက်ပွဲကော်မရှင်သို့ ပါတီခေါင်းဆောင်များဖြစ်သော ဒေါက်တာတူးဂျာနှင့် ဦးဘရန်လီ၊ ဦးဇော်ဒွဲတို့ သွားရောက်ကာ ပါတီတရားဝင် မှတ်ပုံတင်လျှောက်ထားခဲ့ခြင်းဖြစ်ရာ အမြန်ဆုံးရမည်ဟု မျှော်လင့်ခဲ့ခြင်းဖြစ်ကြောင်း ပါတီဦးဆောင်နေသူ ဒေါက်တာတူးဂျာ ကပြောသည်။

“ခုထိတော့ချမပေးသေးပါဘူး။ ကော်မရှင်ကဘာမှ အကြောင်းကြားလာတာမရှိသေးပါဘူး။ ၂ လ လောက်ကြာမလား မပြောတတ်သေးဘူး။ ကျွန်တော်ပါတီပဲမကျသေးတာ မဟုတ်ပါဘူး ကျွန်တော်တို့နဲ့အတူ လျှောက်ထားတဲ့အဖွဲ့ ၄ ဖွဲ့လည်းမရပါဘူး။ ကော်မရှင်ကနေ အချက်အလက်တွေအားလုံးစစ်ဆေးပြီးရင်တော့ မကြာခင်တော့ချပေးမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”

ကချင်ပြည်နယ် ဒီမိုကရေစီပါတီ Kachin State Democracy Party (KSDP) ပါတီ မှတ်ပုံတင်ကို သြဂုတ်လ ၂၈ ရက်နေ့က ကိုယ်တိုင်သွားရောက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကချင်ပြည်နယ် ဒီမိုကရေစီပါတီကို ပါတီလျှောက်ထားပြီးနောက်တွင်လည်း အစိုးရတာဝန်ရှိများက ပါတီအဖွဲ့ဝင် ၁၇ ဦးနှင့်ခေါင်းဆောင်များကို ၄င်းတို့၏ကိုယ်ရေးအကျဉ်းများကို တဦးစီစစ်ဆေးခဲ့ကြောင်း သိရသည်။

သို့သော် ပါတီဖွဲ့စည်းမှုနှင့် အဖွဲ့ဝင်များကြား ပဋိပက္ခမရှိပဲ ပါတီလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေ ဆဲဖြစ်သည်ဟု ဆိုသည်။

ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP)ကို ပါတီတည်ထောင်လိုသော ဆန္ဒရှိ၍ နိုင်ငံရေးစိတ်ပါ၀င်စားပြီး အဖွဲ့အစည်းနှင့်ကင်းရှင်းသော မြို့ပေါ်ရှိ ပြည်သူများနှင့် စုဖွဲ့ကာ တည်ထောင် လိုက်ခြင်းဖြစ်သကဲ့သို့ မည်သည့်အဖွဲ့အစည်းနှင့်မျှ ဆက်နွယ်မှုမရှိသောလူထုများနှင့် ဖွဲ့စည်းထားခြင်းလည်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တရားဥပဒေဘောင်အတွင်း လွပ်လပ်စွာဖွဲ့စည်းထားသော ပါတီတရပ်အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်မှ အသေအချာ ချပေးနိုင်မည်ဟု မျှော်လင့်ခြင်းဖြစ်ကြောင်း ဒေါက်တာတူးဂျာ ပြောသည်။

Most read this week