မြစ်ကြီးနား-လိုင်ဇာလမ်း မြေပြို - ကုလ ထောက်/ကူ ကားတန်း လမ်းတွင်ရပ်ထားရ

မြစ်ကြီးနား-လိုင်ဇာလမ်း မြေပြို - ကုလ ထောက်/ကူ ကားတန်း လမ်းတွင်ရပ်ထားရ
by -
ကေအဲန်ဂျီ

တတိယ အကြိမ် မြစ်ကြီးနားမှ KIO လိုင်ဇာဒုက္ခသည်စခန်းသို့ စားနပ်ရိက္ခာသယ်လာတဲ့ UN ယာဉ်တန်း ကချင်ပြည်နယ် တရုတ်နယ်စပ် လိုင်ဇာမြို့ပတ်ဝန်းကျင်အနီးရှိ ဒုက္ခသည်စခန်းများကို တတိယကြိမ် မြောက်အကူညီပေးရန် မြစ်ကြီးနားမှ ပစ္စည်းများ တင်ဆောင်လာသော ကုလအကူညီပေးအဖွဲ့၏ ကားတန်းသည်  မြေပြိုမှုကြောင့် ခရီးစဉ်ကို လမ်းတွင် ခတ္တရပ်ထားရကြောင်း သိရသည်။

ကုလသမဂ္ဂအကူညီပေးအဖွဲ့များသည် မြစ်ကြီးနားမြို့မှ စက်တင်ဘာလ (၂၃) ရက်တွင် အဖွဲ့ဝင်များ စီးနှင်းလိုက်ပါလာသောကား (၆) စီးနှင့် အကူညီပေးသော ပစ္စည်း ၁၂ စီး စုစုပေါင်း ကား (၁၈) စီးဖြင့် ထွက်လာခဲ့ခြင်းဖြစ်ရာ အစိုးရနယ်မြေ ဂန်ဒေါင်ယန် (Gangdau Yang) နှင့်အင်ပေါန် (N’Pawn) ကြား  မြေပြို  နေသောကြောင့်   လမ်းတွင်ရပ်နားလိုက်ရခြင်းဖြစ်ကြောင်း UN-OCHA  ကွင်းဆင်းညှိနှိုင်း ရေးအရာရှိ နော်သန္တာဝင်း ပြောသည်။

“လူတင်တဲ့ကား အားလုံး  မနေ့ကလိုင်ဇာရောက်ပြီ၊ ပစ္စည်းတွေပါလာတဲ့ကား (၁၂) စီးက၊ နမ်ဆန်ယန် (Nam San Yang) ဟိုဘက် KIO ပိုင်နက်ထဲ မရောက်မီ၊ ဂန်ဒေါင်နဲ့ အင်ပေါန်ကြားမှာဖြတ်လို့မရဖြစ်နေ တယ်။ရေတိုက်စားလို့  လမ်းကျဉ်းသွားပြီး ဟိုဘက်ဒီဘက်ကမ်းပါးဖြစ်နေတယ်။ လမ်းကဝိတ်နဲ့ကုန်တင် ကားမနိုင်ဘူး။ အဲဒီမှာ ကျန်ထားလိုက်တယ်။ လမ်းမြေ ဖို့ ပြီးတာနဲ့ တခါတည်းခရီး ဆက်မှာဖြစ်တယ်”

ကုလအကူအညီပေးအဖွဲ့များသည် ယခုတစ်ကြိမ်တွင် ဒုက္ခသည်များ၏ ကျန်းမားရေး၊ ပညာရေး၊ အခြေခံအစားအသောက်များ ပံ့ပိုးနိုင်ရန် အစီအစဉ်ရေးဆွဲမည့် လုပ်ငန်းများကို အဓိကထား ဆောင်ရွက် သွားရန်နှင့် ကုလအကူအညီပေးအဖွဲ့အစည်းအလိုက် မိမိတို့လုပ်ငန်းများ နှင့်တွေ့ဆုံရန် လိုအပ်သူများကို တွေ့ဆုံသွားရန်ဖြစ်ကြောင်းလည်းသိရသည်။

ထို့ပြင် အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်လည်းတွေ့ဆုံကာ ဒုက္ခသည်များ၏ လိုအပ်ချက်များ၊ နောက်ထပ်ဆောက်လုပ်ပေးရန်လိုအပ်သည့် barrack တဲအိမ် များကိစ္စကို ကုလသမဂ္ဂ ဒုက္ခသည်များ
 ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှ ဆက်လက် အကူအညီပေးဆောင်ရွက်သွားရန်ဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ အကူညီများလိုအပ်နေသည့် နယ်စပ်ဒုက္ခသည်စခန်းများသို့ စက်တင်ဘာလအတွင်း အကူအညီများကို ဆက်တိုက် လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီဥက္ကဌ ဆလန်ကဘာ ဒွဲပီဆာ ကပြောသည်။

“ဒီလအတွင်းမှာ ၃ ကြိမ်လာမယ်လို့ပြောတဲ့အတိုင်း ဒီတကြိမ်နဲ့ဆိုရင်တော့ ပြည့်ပြီပေါ့။ အစားအသောက် တွေကတော့ ၁ လအတွက်ပေးမယ်ပေါ့။ ပြည့်ပြည့်စုံစုံဆိုတာကတော့ မီးဖိုချောင်သုံးပစ္စည်းနဲ့ စောင်တွေပေါ့”

စက်တင်ဘာလအတွင်း တတိယအကြိမ်မြောက်အကူညီပေးရန်ရောက်လာသော ကုလအကူအညီပေး အဖွဲ့များသည် ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးမှုရုံး (UN-OCHA)၊ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ (UNICEF)၊  ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)၊ ကုလသမဂ္ဂလက်အောက် မြန်မာပြည်ရုံးခွဲ ကမ္ဘာ့စားနှပ်ရိက္ခာအဖွဲ့ (WFP) နှင့် အသစ်တိုးလာသော Solidarities International (SI) အဖွဲ့တို့ဖြစ်ပြီး၊ ၄င်းအဖွဲ့အား UN-OCHA ဦးဆောင် ခြင်းဖြစ်ကြောင်းသိရသည်။

လိုင်ဇာမြို့တွင် ယခုအကြိမ်လာရောက်သောခရီးစဉ်တွင် အရင် ၂ ခေါက်ထက် တစ်ရက်ပိုကြာ ဒုက္ခသည်များကို ကူညီပေးရေးဆိုင်ရာကိစ္စရပ်များအတွက် လေ့လာအချိန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

Most read this week