ပူတာအိုခရိုင် အင်ခါဂါးရွာသားများ အစိုးရတပ်၏ မေးမြန်းစစ်ဆေးခြင်း ခံနေရ

ပူတာအိုခရိုင် အင်ခါဂါးရွာသားများ အစိုးရတပ်၏ မေးမြန်းစစ်ဆေးခြင်း ခံနေရ
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ပူတာအိုခရိုင် အင်ခါဂါးကျေးရွာအနီးဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင် နေကြသော ဒေသခံများသည် ယခုအချိန် အစိုးရတပ်၏ ထိပ်တိုက် မေးမြန်းစစ်ဆေးမှုများနှင့် အခက်ခဲများ ရင်ဆိုင်နေရကြောင်း ပူတာအိုသတင်းရပ်ကွက်အရသိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့ချိန် တောသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော အင်ခါဂါး ဒေသခံ ၁၀၀ ခန့်သည် ယခုအခါ အစိုးရတပ်၏ စစ်ဆေးမေးမြန်းမှုများကို ရင်ဆိုင်နေရပြီး အချို့တို့ကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများရှိနေ သည်ဟု ပူတာအိုဖက်မှ သတင်းများထွက်ပေါ်နေသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းများကိုအတည်မပြုနိုင်သေးသော်လည်း ၄င်းတို့ အသင်းသားများ၏ လုံခြုံရေးအတွက် တာဝန်ရှိသော ဒုက္ခသည်များကို ကူညီပေးနေသည့် မြစ်ကြီးနားအခြေစိုက် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ စိုးရိမ်မကင်းဖြစ်နေကြောင်း အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဒေါက်တာခလမ်ဆမ်ဆွန ်က KNG ကချင်သတင်းဌာန သို့ပြောသည်။

“ပူတာအိုကို နေ့တိုင်းဆက်သွယ်ပါတယ်။ ကျွန်တော်တို့အဖွဲ့ကနေ အဲဒီအင်ခါဂါးကိုသွားဖို့အတွက် ကြိုးစား တာ  ၃ ကြိမ်ရှိခဲ့ပြီ။ ဒါပေမယ့် အခွင့်မရဘူးပေါ့။ အခွင့်မရတော့ ခုနပဲ KBC ပူတာအိုဇုံနယ် အတွင်းရေးမှူးဆီ က သတင်းရတာကတော့ အဲဒီရွာမှာရှိတဲ့ ၅၀ လောက်ကတော့ အခုထိမ်းသိမ်းထားတာကနေပြီးရွာ မှာနေခိုင်း ပြီ ပြောတယ်။ ဒါပေမယ့် အစားအသောက်တွေ ဆေးဝါးတွေတော့ အများကြီးလိုနေတယ်ပြော တယ်။ ပြီးရင် အဲမှာရှိတဲ့ သင်းအုပ်ဆရာကိုလည်း တော်တော် နှိပ်စက်ထားတယ်ဆိုတဲ့ သတင်းလည်းကြားရတယ်။ ကျွန်တော်တို့က ဒါကို ဟုတ်မဟုတ်နဲ့ အဲမှာရှိတဲ့အသင်းသူ အသင်းသားတွေကို တာဝန်ရှိတဲ့အနေနဲ့ သွားကြည့်ဖို့ကြိုးစားနေပါတယ်။ အခုချိန်ထိတော့ ဘာမှ အဖြေမရသေးပါဘူး။”

တိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်နေခဲ့သောဒေသခံ အချို့ အင်ခါဂါးကျေးရွာသို့ပြန်လာနိုင်သော်လည်း မချမ်းဘော့သို့သွားရန်တားမြစ်ထားပြီး ၄င်းတို့စားနှပ်ရိက္ခာများလည်း လုယက်ခံနေရသောကြောင့်အစာရေ စာအခက်ခဲလည်း ရင်ဆိုင်နေရကြောင်း ပူတာအိုမှ အကူညီပေးရန်ကြိုးပမ်းနေသော ဒေသခံများကပြော သည်။

ထို့ကြောင့် အင်ခါဂါးကျေးရွာရှိ ဒုက္ခသည်များကို အမြန်ဆုံးကူညီပေးနိုင်ရန် လိုအပ်နေသောကြောင့် အစိုးရခွင့်ပြုချက်ကို မျှော်လင့်နေသည်ဟု ဆရာခလမ်ဆမ်ဆွန်က ဆက်ပြောသည်။

“သူတို့အိမ်မှာစုဆောင်းထားတဲ့ ပစ္စည်းတွေရိက္ခာတွေ ဆန်စပါးတွေမရှိတော့ဘူးလို့ကြားတယ်။ ဒါဆိုရင်တော့ ဒီ ၁ ပါတ် ၂ ပါတ်ကို ကျွန်တော်တို့မသွား နိုင်ဘူးဆိုရင်တော့ အဲဒီရွာက ရှိနေတဲ့လူတွေရဲ့စားဝတ်နေရေး တော့ ခက်ခဲမယ်ထင်တယ်။ သူတို့အနေနဲ့တခုရှိတာပေါ့။ ဒီပူတာအိုဖက်ကို သူတို့ တက်လာမယ်ဆိုရင်တော့ ကျွန်တော်တို့ ကူညီလို့ရပါတယ်။ သို့မဟုတ်ရင်လည်း ကျွန်တော်တို့အဲဒီဖက်ကိုသွားလို့ရမယ်ဆိုရင်လည်း ကျွန်တော်တို့က ဒီက ဆေးဝါးတွေရိက္ခာတွေယူသွားပေးလို့ရပါတယ်။ ကျွန်တော်တို့ဖက်ကတော့အဆင်သင့် ပါ ပဲ။ အဲဒီလူတွေကို ပြုစုဖို့နဲ့ စောင့်ရှောက်ဖို့ကတော့ ကျွန်တော်တို့ဆီမှာ တာဝန်အများကြီးရှိတယ်လို့ ပြောချင်ပါတယ်။”

လက်ရှိ အစိုးရနှင့် KIO ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ဆွေးနွေးမှုများပြုလုပ်နေပြီး စစ်ရေးအရှိန်လျှော့ လာ ရန်ဆောင်ရွက်ရေး သဘောတူညီမှု ရယူကာ နှစ်ဖက် ယုံကြည်မှုတည်ဆောက်နေသည့်အချိန်တွင်
ထပ်မံတင်းမာမှုများဖြစ်ပွားကာ ဒေသခံများ ဒုက္ခသည်ဆင်းရဲရင်ဆိုင်နေရခြင်းသည် ငြိမ်းချမ်းရေးဖော် ဆောင်ရေး တွင် အဟန့်အတားဖြစ်စေသည်ဟု KBC အတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန် ရှုမြင်သည်။

အဆိုပါ မချမ်းဘော့မြို့နယ်အတွင်း တိုက်ပွဲများသည် ပူတာအိုအခြေစိုက် ဦးတန်ဂူးတန် (Danggu Tang) ပြည်သူ့စစ်တပ်ဖွဲ့များ စတင်လှုပ်ရှားလာပြီး တင်းမာလာရာက အစိုးရတပ်နှင့် ထပ်မံအင်အားတိုးချဲ့ပူးပေါင်း
လှုပ်ရှားလာသောကြောင့် သြဂုတ်လ ၂၇-၂၈ အတွင်း တိုက်ပွဲများပြင်းထန်ကာ အစိုးအရာရှိတဦး ထိခိုက်ကျဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သို့သော် ၄င်းတိုက်ပွဲအတွင်း အရာရှိသေဆုံးမှုနှင့်ပတ်သက်၍ အစိုးရမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြန်လည်စစ်ဆေးကာ KIA ကိုစွပ်စွဲမှုများရှိနေပြီး KIA ဖက်လည်း အပြန်အလှန်ငြင်းဆိုမှုများ ဖြစ်ပွားနေ သည်ဟု  ကြားခံညှိနှိုင်းဆောင်ရွက်ပေးနေသော ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG မှ ဦးလမိုင်ဂွမ်ဂျာပြောသည်။

“မပခတိုင်းက ဗျူဟာမှူးက ကျွန်တော်တို့ PCG အနေနဲ့ KIO ကို ရှေ့တန်းမှာဖြစ်ပျက်ခဲ့တဲ့ တိုက်ပွဲနဲ့ပတ် သက်ပြီး ဗိုလ်ကြီးတစ်ယောက် ဒဏ်ရာနဲ့ ဖမ်းခံရတယ်လို့ကြားရတယ်။ ဖမ်းထားတယ်ဆိုရင်လည်း ပြန်ပေးဖို့နဲ့ လက်လွန်ခြေလွန်ဖြစ်ပြီးတော့မှ သေရင်လည်း ပြန်ပေးဖို့ ပြောခိုင်းပါတယ်။ အဲဒါ ကျွန်တော်တို့ ဖက်ကလည်း KIO ကိုတင်ပြတဲ့အချိန်မှာ ဖမ်းဆီးထားတာမရှိဘူး ၂၈ ရက်နေ့ တိုက်ပွဲများကျသွားတာဖြစ် တယ်။ သူတို့လည်းသေချာ သဂြိုလ်ထားပေးတယ်လို့ပြောတယ်။ အဲဒါကို အစိုးရဖက်က ပြန်ဖော်တဲ့အခါ ခေါင်းမရှိတော့ဘူး။ ခေါင်းကရင်ဘတ်ပေါ်မှာတင်နေတယ် ဆိုပြီးပြန်ပြော လာတယ်။ KIA ဖက်ကလည်း သူတို့အဲလိုလုပ်မယ်ဆိုရင် မြုပ်ထားတဲ့နေရာကိုပြစရာအကြောင်းမရှိဘူး လို့ပြန်ပြောတယ်ကျွန်တော်တို့ လည်း အခြေအနေကို လက်တွေ့ မသိရှိထားတော့ မှန်တယ်မှန်ဘူးဆိုတာ မပြောနိုင်ပါဘူး။”

အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲများဖြစ်ပွားနေသည်မှာ ၂၀၁၁ ခုနှစ်ကတည်း ကဖြစ်ပြီး အဆိုပါတိုက်ပွဲများတွင် ထိခိုက်ကျဆုံးမှု နှစ်ဖက်တွင်ရှိခဲ့ခြင်းဖြစ်သော်လည်း လတ်တလော အင်ခါဂါးအနီး တိုက်ပွဲကြောင့် ကျဆုံးခဲ့သော အရာရှိနှင့်ပတ်သက်သည့်ကိစ္စကိုမူ ပြန်လည်စစ်ဆေးမေးမြန်း သည့်အပြင် ကာကွယ်ရေးဝန်ကြီးဌာနမှလည်း KIA ကို နှိပ်စက်သတ်ဖြတ်မှုဖြင့်  တရားစွဲဆိုသတင်းထုတ်ပြန် ခဲ့သည်။

အဆိုပါဖြစ်ရပ်များကြောင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအလုပ်အဖွဲ့ Technical Team များတွေ့ဆုံ ဆွေးနွေးရေးဖြစ်မြောက်ရန် ဆွေးနွေးမှုရှိနေဆဲအခြေအနေမှ တဖက်၌ ယခုထက်ပိုမိုတင်းမာ လာနိုင်ကြောင်း လူထုအဖွဲ့မှ သုံးသပ်ပြောဆိုမှုများရှိနေသည်။

Most read this week