အစိုးရနှင့် KIO ကိုယ်စားလှယ်များ အောက်တိုဘာလ ပထမအပတ်တွေ့မည်

အစိုးရနှင့် KIO ကိုယ်စားလှယ်များ အောက်တိုဘာလ ပထမအပတ်တွေ့မည်
by -
ကေအဲန်ဂျီ

အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ Technical Advisory Team တို့သည် စက်တင်ဘာလ ၁၆-၁၇ ရက်၌ တွေ့ဆုံဆွေးနွေးပွဲအပြီး ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဆွေးနွေးပွဲကို လာမည့် အောက်တိုဘာလ ပထမအပတ် အတွင်းကျင်းပနိုင်ရန် ပဏာမသဘောတူညီမှုရရှိထားပြီ ဖြစ်သည်။

KIO နှင့်အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်များ အောက်တိုဘာလ ပထမအပတ်အတွင်း နှစ်ဦးနှစ်ဖက် တွေ့ဆုံနိုင်ရန်လျာထားခြင်းဖြစ်ပြီး ဆွေးနွေးပွဲမတိုင်မီ ထပ်မံတွေ့ဆုံညှိနှိုင်းမှုပြုလုပ်သွား မည်ဖြစ်ကြောင်း KIO Technical Advisory Team အဖွဲ့ဝင် ဆရာဒေါင်ခါး ကပြောသည်။

KIO အဖွဲ့ခေါင်းဆောင် ဆွမ်လွတ်ဂမ် (လယ်) နဲ့ နေပြည်တော်အစိုးရ ငြိမ်းချမ်းရေးညှိနှိုင်းရေးမှူး ဦးအောင်မင်း (ညာ)

“ကျွန်တော်တို့ဘယ်နေရာမှာပြန်ပြီး ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲကိုလုပ်မယ်။ ဆွေးနွေးပွဲလုပ်ဖို့ လျာထားတဲ့ကိစ္စကို အသီးသီးပြန်ပြီး ညှိနှိုင်းကြမှာပါ။ ကျွန်တော်တို့ ၂ ရက်ဆွေးနွေးတဲ့အထဲမှာ IDPs တွေရဲ့ပြန်လည်နေရာချထားရေး၊ အပစ်အခတ်ရပ်စဲရေး၊ ပြည်ထောင်စုအဆင့် အလုပ်ရုံဆွေးနွေး ကျင်းပနိုင်ရေး၊ အဲဒီကျင်းပပွဲမှာ အရင်တခေါက်တက် ရောက်သူတွေကို ပြန်ပြီးခွင့်ပြုမပြု ဆိုတာလေး ဆွေးနွေးခဲ့ကြတယ်။”

နှစ်ဖက်ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးမှုသည် မြန်မာငြိမ်းချမ်းရေးစင်တာ (MPC)နှင့် KIO ၏ Technical Advisory Team တို့ ထပ်မံတွေ့ဆုံ  ဆောင်ရွက်ပြီးမှသာ အကောင်ထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

၂ ရက်တာဆွေးနွေးပွဲတွင် လက်ရှိဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲပြဿနာနှင့်ပတ်သက်၍ ဆွေးနွေးနိုင် ခြင်း မရှိသေးကြောင်းနှင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပွဲဆောင် ရွက်ခြင်းသည်လည်း တိုင်းရင်းသားများနှင့် ပြည်သူများအကြား ဆွေးနွေးမှုအတွက် နောက်တစ်ဆင့်တက်နိုင် ရန်ဖြစ်ကြောင်း ပြောသည်။

ဆွေးနွေးပွဲမဖြစ်မြောက်မီ မြန်မာငြိမ်းချမ်းရေးစင်တာနှင့် KIO၏ Technical Advisory Team ကြား စက်တင်ဘာလ ကိုင်းပိုင်းတွင် ထပ်မံတွေ့ဆုံရန်ဖြစ်ကြောင်းသိရသည်။

ကချင်ပြည်နယ်မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် မနောကွင်း မဂျွယ်ခန်းမတွင်းကျင်းပသော အဆိုပါဆွေး နွေးပွဲတွင် မြန်မာငြိမ်းချမ်းရေးစင်တာ မှ ဦးလှမောင်ရွှေ ဦးဆောင်သောအဖွဲ့ (၆)ဦး နှင့် ဦးဂေါ်လူလ အောင်ဦးဆောင်သော KIO ၏ Technical Advisory Team အဖွဲ့ဝင် (၈)ဦးအပါအဝင် နိုင်ငံရေးပါတီ တရားဝင်ကော်မရှင် အသိအမှတ်ပြုပါတီမှ (၂)ဦး၊ ရှမ်းမျိုးနွယ်စုနှင့် ငြိမ်းဖောင်ဒေးရှင်းမှ ဒေါ်နန်ရော်နှင့် ဒေါ်ဂျာနန်တို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

တဖက်တွင်လည်း အစိုးရတပ်နှင့် KIA တပ်များကြာ ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်တွင် တင်းမာနေဆဲဖြစ် ပြီး ရွာသားများလည်း အစိုးရတပ်၏ ဖမ်းဆီးနှိပ်စက်မှုခံနေရသောကြောင့် အခြေအနေပို၍တင်းမာလာ နေကြောင်း သိရသည်။

Most read this week