မြန်မာအမျိုးသမီး အိမ်ဖော်တစ်ဦး လိင်ပိုင်းဆိုင်ရာ စော်ကားခံရ၍ ထွက်ပြေး

မြန်မာအမျိုးသမီး အိမ်ဖော်တစ်ဦး လိင်ပိုင်းဆိုင်ရာ စော်ကားခံရ၍ ထွက်ပြေး
by -
ဇော်ကြီး
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ထိုင်းလူမျိုး လင်မယားထံတွင် အိမ်ဖော် အလုပ်လုပ် ကိုင်နေသော အသက်(၂ဝ)အရွယ်ရှိ မြန်မာ မိန်းခလေး တဦးသည် အလုပ်ရှင် လင်မယား၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုခံရ၍ ထွက်ပြေး လာခဲ့ ...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ထိုင်းလူမျိုး လင်မယားထံတွင် အိမ်ဖော်အလုပ်လုပ် ကိုင်နေသော အသက်(၂ဝ)အရွယ်ရှိ မြန်မာမိန်းခလေးတဦးသည် အလုပ်ရှင်လင်မယား၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုခံရ၍ ထွက်ပြေး လာခဲ့သည်။

ငွေတိုးချေးစားသူ အလုပ်ရှင်သူဌေးနှင့် ယောကျ်ားစိတ်ပေါက်နေသည့် ၎င်း၏ ဇနီးသည်တို့မှ မိမိအားလိင်ပိုင်း ဆိုင်ရာစော်ကားမှုပြုလုပ်သောကြောင့် ထွက်ပြေးလာခြင်း ဖြစ်သည်ဟု ထိုအမျိုးသမီးငယ်က ပြောသည်။

ရေချိုးသည့်အချိန်တွင် အိမ်ရှင်ဇနီးသည်က လိင်စိတ်ကြွလာစေရန် လှုံ့ဆော်ပေးပြီး ယောကျ်ားဖြစ်သူနှင့် အိပ်ခိုင်းသည်ဟု သူမက ယခုလိုပြောသည်။

“ရေချိုးရင် သူ(ဇနီးသည်)နဲ့အတူတူချိုးရတယ်။ ချိုးရင်လည်း ဟိုဟာကိုင်ဒီဟာကိုင်နဲ့ အကြာကြီး ချိုးရတယ်၊ ကျမကစိတ်ညစ်လို့ ပြောရင်လည်းမရဘူး။ နောက်ပြီး အောကား (ညစ်ညမ်းခွေ) တွေ ဘာတွေ ပြတယ်။ ပြီးရင်ကျမကို သူ့ဘေးနား ခေါ်ပြီးတော့ အဝတ်တွေ ဆွဲချွတ်တယ်။ ကျမက ပေးမချွတ်ပဲ ထွက်ပြေးမယ်လုပ်တော့ အခန်းတံခါးကိုပိတ်လိုက်တယ်၊ ကျမထွက်လို့မရတော့ သူလုပ် သမျှပဲခံရတာပေ့ါ။”

အိမ်ဖော်လုပ်ရန် ခေါ်ထားသော်လည်း သူဌေးလင်မယား၏ လိင်ဖျော်ဖြေရေးကိစ္စ၌သာ အဓိက ဆောင်ရွက် ပေးနေရသောကြောင့် နောက်ဆုံးမခံနိုင်သဖြင့် အခြားအိမ်ဖော်အမျိုး သမီးနှင့်အတူ ထွက်ပြေးလာခဲ့သည်ဟု သူမက ပြောသည်။

မဲဆောက်ရှိ သူမ၏အကိုဖြစ်သူနှင့် မြန်မာပြည်သားပူးတွဲလှုပ်ရှားမှုကော်မတီမှ အဖွဲ့ဝင်များက အကြောင်းကြား သည့်အတွက် မိမိတို့အဖွဲ့မှ ကူညီပေးထားသည်ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း (ဘန်ကောက်) တာဝန်ခံ ကိုကျော်သောင်းက ခုလိုပြောသည်။

“မဲဆောက်က ဒေါ်ယုဇနရယ်၊ ကာယကံရှင် ကောင်မလေးရဲ့ အကိုတစ်ယောက်ရယ် ပြီးတော့ ဒီက ကောင်မလေးရယ် ကျနော့်ကိုဖုန်းဆက်ပြီးတော့ အကူညီတောင်းလာတယ်။ သူထွက်ပြေးလာတဲ့ အတွက် အဲဒီ ပွဲစားမနှစ်ယောက်ကလည်းလိုက်ရှာနေတယ်၊ ဒီကောင် မလေးတည်းခိုတဲ့ နေရာက လည်း အဆင်ကမပြေဘူး အန္တရာယ်ကပိုများလာတယ်။ ဒါကြောင့် (၁၇) ရက်နေ့လည် တစ်နာရီ လောက်မှာ ကျနော်သွားခေါ်ပြီး ကူညီပေးထားတယ်။”

သူမအားရှာဖွေရန် အိမ်ရှင်လင်မယားမှ မြန်မာပွဲစားများကို စေခိုင်းနေပြီး ရှာမရပါက သူမ၏ မိခင်ကိုဓါးစာခံအဖြစ် ခေါ်ဆောင်လာရန်ပြောသည်ဟု ၎င်းကဆက်ပြောသည်။

“ကျမအိမ်ကို တခုခုလုပ်မှာစိုးလို့  ကယ်ရီတွေကို ဖုန်းဆက်ကြည့်တော့ သူတို့ကပြောလာ တယ်။ နင်ထွက်ပြေးသွားတဲ့အတွက် နင့်အမေကို သွားခေါ်ပေးရမယ်လို့ သူဌေးကငါတို့ကို ပြောတယ်တဲ့၊ အဲခါကျမကပြန်ပြောလိုက်တယ်လေ၊ အဲတာတော့လက်မခံနိုင်ဘူးလို့ သူယုတ်မာလို့ပြေးခဲ့တာပဲလို့ ဒဏ်တွေမခံနိုင်ဘူး၊ ကြာရင်သေသွားလိမ့်မယ်လို့ တစ်လပဲ ရှိသေးတယ်။ အဲဒီကို ရောက်တာလူက ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီလို့ ကျမ မနေနိုင်ဘူးလို့ ပြီးတော့ နှစ်ယောက် ဒဏ်ကြီးခံရတာလို့ အဲတာ ကြောင့်မို့ပြေးခဲ့တယ်လို့ သူတို့ုိ (ပွဲစား) ကို ပြောလိုက်တယ်။”

သူမအနေနှင့် မဲဆောက်သို့ပြန်ရန်ဆန္ဒရှိသော်လည်း ပွဲစားများ၏ဖမ်းဆီးခြင်းခံရပါက ဆိုးဝါးလှသည့် ဘဝထဲသို့ ပြန်လည်ရောက်ရှိသွားမည်ကို စိုးရိမ်နေပြီး သူမ၏မိခင်အတွက် လည်းပူပန်နေရကာ ဗန်ကောက်ရှိ အထည်ချုပ် စက်ရုံတခုတွင် ဝင်ရောက်အလုပ်လုပ်ကိုင် မည်ဟု ၎င်းကပြောသည်။

တရုတ်၊ ထိုင်း နှင့် မလေးရှား နိုင်ငံတို့တွင် အိမ်ဖော်လုပ်ငန်းလုပ်ကိုင်နေကြသော ငယ်ရွယ်သူမြန်မာ အမျိုးသမီး များသည် အိမ်ရှင်ယောကျ်ားများ၏လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှု များကို မကြာခဏကြံုတွေ့ကြရသည်ဟု အလုပ်သမားအရေးနှင့် လူ့အခွင့်အရေး စောင့်ကြည့်သူများက ပြောသည်။

Most read this week