လိုင်ဇာရှိ ဒုက္ခသည်စခန်းသို့ ကုလအကူညီပေးအဖွဲ့များ ထပ်မံကူညီမှုပေး

လိုင်ဇာရှိ ဒုက္ခသည်စခန်းသို့ ကုလအကူညီပေးအဖွဲ့များ ထပ်မံကူညီမှုပေး
by -
ကေအဲန်ဂျီ

ကမ္ဘာ့ကုလသမဂ္ဂအကူညီပေးအဖွဲ့များသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်လိုင်ဇာရှိ ဒုက္ခသည်စခန်း များအတွက် စားနပ်ရိက္ခာပစ္စည်းများကို ကား (၁၇)စီးဖြင့် ရောက်ရှိနေပြီး ယနေ့နံနက် စခန်းအချို့တွင်ဖြန့်ဝေပေးနေ ကြောင်းသိရသည်။

လိုင်ဇာသို့ စက်တင်ဘာလ(၁၆) ရက်နေ့က ရောက်ရှိလာခြင်းဖြစ်ပြီး အမှတ်(၃) စျေး ဒုက္ခသည်စခန်းနှင့် ဂျေယန့်ဒုက္ခသည်စခန်းများတွင် အကူညီပေးခဲ့ကြောင်း ဒုက္ခသည်စောင့် ရှောက်ရေး ကော်မတီဝင်တဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

“အမှတ်(၃)စျေး စခန်း၊ ဖွမ်လွန်ယမ် စခန်း၊ IDP ဘော်ဒါကျောင်းတွေမှာသွားရောက် အကူအညီ ပေးဖို့ရောက်လာ ခြင်းဖြစ်တယ်။ အမှတ်(၃)စျေးစခန်းမှာ သူတို့ကိုယ်တိုင် အခြေခံအစားအစာ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ အာဟာရ စတာတွေကို ဖြန့်ဝေပေးမှာဖြစ်ပြီး၊ ဂျေယန့်စခန်းမှာ ဆားနဲ့ကုလားပဲကို ဖြန့်ဝေပေးမှာဖြစ်တယ်။ လူတစ်ဦးအတွက် ဆန် ၁၃.၅ ကီလို၊ ပဲ ၁.၈ ကီလို၊ ဆီ ၀.၉ ကီလို၊ ဆား ၀.၁၅ ကီလို၊ အာဟာရမုန့် ၁.၉ ကီလို ပေးသွားမှာဖြစ်တယ်။”

ကုလသမဂ္ဂအကူအညီပေးရေးအဖွဲ့မှ ကမ္ဘာ့စားနှပ်ရိက္ခာအဖွဲ့ (WFP) သည် အခြေခံအစားအစာ ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) သည် ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများကို ကူညီပေးသွားခဲ့ခြင်းဖြစ်သည်ဟု ဒုက္ခသည်စခန်းမှသိရသည်။

လိုင်ဇာဒေသရှိ ဂျေယန့်စခန်း၊ ဖွန်လွမ်ယန်စခန်းနှင့် အမှတ်(၃)စျေး စခန်း၊ ဝေကြိုင်စခန်းတို့ တွင် စက်တင်ဘာလ (၁)လစာ ဒုက္ခသည်များအတွက် အစားအသောက်များကို ကမ္ဘာ့စားနပ်ရိက္ခာကူညီပေးအဖွဲ့ WFP မှ ထောက်ပ့ံပေးသွား မည်ဖြစ်သည်ဟု သိရသည်။

“အခြေခံအစားအစာတွေကို ဖြန့်ဝေပေးသွားမှာဖြစ်တယ်။ အခုဆိုရင် စခန်းသုံးခုကိုဖြန့်ဝေပေးပြီး သွားပြီ။ ဖွန်လွမ်ယန်အတွက်နောက်တစ်ပတ်ထဲ လာဖို့အစီအစဉ်ရှိထားတယ်။ ၃ ခေါက်လာဖို့ကျွန်မတို့ စီစဉ်ထားတယ်” ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ကွင်းဆင်း ကြီးကြပ်ရေးမှူး ဒေါ်ဆိုင်းဆိုင်းက ပြောသည်။

ထိုသို့စီစဉ်ထားသော်လည်း နောက်ထပ်အကူညီများဆက်တိုက် ရောက်လာမည်၊ မရောက်မည်ကို မပြောနိုင်သေး ကြောင်း ပြောဆိုခဲ့သည်။

တဆက်တည်းတွင် ကုလသမဂ္ဂအကူညီပေးအဖွဲ့များသည် ကူညီထောက်ပံ့မှုနှင့်အတူ NGO အဖွဲ့အစည်းများ ဒုက္ခသည်စခန်း တာဝန်ခံများနှင့် လူမှုအဖွဲ့ အစည်းအသီးသီးကို လက်တွေ့အသုံးချမည့်အရာများကို သင်တန်း ၂ ရက်တာ ပြုလုပ်ကာ UNHCR မှပို့ချပေးသွားရန် ဖြစ်ကြောင်းသိရသည်။

ယခုတကြိမ် KIO ဌာနချုပ် လိုင်ဇာသို့ ထပ်မံရောက်ရှိလာသောအဖွဲ့အစည်းတွင် UNOCHA၊ UNICEF၊ UNWFP၊ MSF နှင့် အသစ်ထပ်တိုးလာသော ACTED အဖွဲ့အစည်းများဖြစ်ပြီး အားလုံးပေါင်း အဖွဲ့ဝင်များ (၁၇) ဦး လာရောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ထို့နောက် ကမ္ဘာ့ကုလသမဂ္ဂအကူအညီပေးအဖွဲ့များက ပထမ တစ်ခေါက် စက်တင်ဘာလ (၇) ရက်နေ့လိုင်ဇာမြို့ ဝေကြိုင်ဒုက္ခသည်စခန်းတွင်အခြေခံအစားအသောက်များ ထောက်ပံ့ပေးသွားကြောင်း ကိုလည်းသိရသည်။

ကုလအကူအညီပေးအဖွဲ့များက ဆက်လက်၍ ကချင်ပြည်နယ်တွင်း ဒုက္ခသည်များရှိရာ ဗန်းမော်မြို့နယ်ရှိ ၊ အင်ခေါင်းပါ ဒုက္ခသည်စခန်းတွင်လည်းအဖွဲ့ခွဲ၍ အခြေခံအစားအစာများ အကူအညီထောက်ပံ့ပေးနေကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေတွင်း ယခင်နှစ်များတွင် လုံခြုံရေးတင်းကြပ် ထားသောကြောင့် ကုလအဖွဲ့၏အကူညီပေးနိုင်ရန် ခက်ခဲသော်လည်း ယခုနှစ်အတွင်းတွင် ဒုတိယအကြိမ် ရရှိခြင်းအပြင် ဆက်လက်၍ ထောက်ပံ့ပေးသွားရန်ရှိသည်ဟု ကော်မတီဝင်များကပြောသည်။

Most read this week