ကက်သလစ်ဘာသာ ဆုတောင်းတောင်တက်ပွဲနေ့ စည်းကားစွာကျင်းပ

ကက်သလစ်ဘာသာ ဆုတောင်းတောင်တက်ပွဲနေ့ စည်းကားစွာကျင်းပ
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် လိုင်ဇာမြို့ခရစ်ယာန်ကက်သလစ်မြို့နယ်ခွဲွတွင် စက်တင်ဘာလ(၁၄)ရက်က ကျင်းပသော ဝေကြိုင်ရှိ လက်ဝါးကပ်တိုင် ဆုတောင်းတောင် တက်ပွဲတော်ကို ယခုနှစ်တွင် စည်းကားစွာကျင်းပနိုင်ခဲ့သောကြောင့် ပွဲတော်ပါ ၀င်တက်ရောက်သူများက ၀မ်းမြောက်ဝမ်းသာဖြစ်နေကြသည်။

အဆိုပါ ကက်သလစ်ဘာသာဝင်များ၏ လက်ဝါးကပ်တိုင် ဆုတောင်း တောင်တက်ပွဲ တော်ကျင်းပချိန်သည် မိုးတွင်းကာလဖြစ်၍ ယခင်နှစ်များတွင် နှစ်စဉ် မိုးရွာသွန်းမှုကြားမှ ပြုလုပ်ခဲ့ကြခြင်းဖြစ်ရာ ယခုနှစ်တွင် မိုးမရွာသော ကြောင့် ကောင်းချီးမင်္ဂလာပြည့်ဝသော ပွဲတော်ဖြစ်သည်ဟု အသင်းဝင်များကပြောသည်။

“လက်ဝါးကပ်တိုင်တောင်တက်ပွဲတော်ဆို နှစ်တိုင်းပဲမိုးရွာနေကျ  ကျွန်တော်မှီသလောက်ဆိုရင် လေးနှစ် ငါးနှစ် အတွင်းမှာ ဒီနေ့ရာသီဥတုအကောင်းဆုံးပဲ။ ဒီကနေ့ဆို အားလုံးကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ပွဲတော်ကြီးကို ဆင်နွှဲနိုင်ကြတယ်” ဟု တောင်တက်ရောက်ခဲ့သော ဦးမရမ်လ ကပြောသည်။

လက်ဝါးကပ်တိုင် ဆုတောင်းတောင်တက်ပွဲတော်သည် ခရစ်ယာန် ကက်သလစ်အသင်းသားများ၏ ထူးခြားသော ယုံကြည်မှု ပွဲတော် တစ်ခုဖြစ်ပြီး၊ ပွဲတော်ပါဝင်ဆင်နွှဲသူများမှာ မိမိတောင်းလိုသောဆုများကို ယုံကြည်မှုဖြင့်တက် ရောက် ဆုတောင်းကြခြင်းလည်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်အသက် (၃၀)ကျော်ကစပြီး ဆေးလိပ်သောက်လာတာ အခု အသက် (၅၀) ကျော်ထိ ပျော်ပျော်ကြီး နေနိုင်လို့ ဘုရားကို ကျေးဇူးတော်ချီးမွမ်းတာပေါ့။ ဒါကြောင့် ဒီနေ့ ဆေးလိပ်ဖြတ်ဖို့ အဓိဋ္ဌာန်ချပြီးဆုတောင်း တောင်တက်တာဖြစ်တယ်” ဟု ဗန်းမော်မြို့မှ လာရောက်သူ ဦးဂျန်မာဂဂေါင်က ပြောသည်။

လက်ဝါးကပ်တိုင်တောင်တက်ပွဲပြုလုပ်ခြင်း၏ အနက်အဓိပ္ပါယ်ကိုလည်း ဒေါ်နန်ဆိုင်းက ယခုကဲ့သို့ရှင်းပြခဲ့သည်။

“သခင်ယေရှု လက်ဝါးကပ်တိုင်မှာအသေခံခဲ့တဲ့နေ့ကို အစွဲဲပြုပြီး နှစ်စဉ် စက်တင်ဘာလ (၁၄) ရက်နေ့မှာ ကျင်းပတယ်။ တောင် အတက်မှာ သခင်ယေရှုအနားယူတဲ့နေရာ (၁၄)ခု ထားတယ်။ ကျွန်မတို့ကလည်း သခင်ယေရှု ရဲ့ကယ်တင်ခြင်း လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ထမ်းပြီးတက်တဲ့သဘော၊ ငြိမ်းချမ်းတဲ့နေရာမှာ ဆုတောင်းတောင်ကို တည်ထားတာပါ” ဟုပြောသည်။

ထို့နောက် ပွဲတော်အခမ်းအနားတွင် ဘုရားသခင်ထံသို့ မီဆာ (missal)ဆုတောင်း လျှောက်ခြင်းများပြုလုပ်ရာ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံအမှုထမ်းဆောင်သူများနှင့် သေဆုံးသူများ ဝိညာဉ်သတိရဆု တောင်းခြင်း၊ အထူးဆုတောင်းခြင်းများ ပြုလုပ်ပြီး၊ ဆုတောင်းချက် (၁၀) ချက်ဖြင့် အသီးသီးတောင်းလျှောက်ခဲ့ကြကြောင်းသိ ရသည်။

လက်ဝါးကပ်တိုင် ဆုတောင်းတောင်တက်ပွဲတော်ကို ကချင်ပြည်နယ် ဒေသအလိုက် ခရစ်ယာန် ကက်သလစ် အသင်းသားများက အသီးသီးကျင်းပကြပြီး၊ မြစ်ကြီးနားမြို့တွင်လည်း စည်းကားစွာကျင်းပနိုင်ခဲ့ ကြောင်းသိရသည်။ အဆိုပါ ပွဲတော်များကို နေရာဒေသမရွေး ကျင်းပနိုင်ခြင်း မရှိဘဲ၊ ဆုတောင်း တောင်ကုန်းသတ်မှတ်ထားသော နေရာများနှင့် ဆရာတော်များရှိမှသာလျှင်စီစဉ်ကျင်းပနိုင်ကြောင်းကိုလည်း သိရသည်။

ပွဲတော်တွင် လူငယ်များက အလှူတော်ငွေအတွက် တံဆိပ်နှိပ်အင်္ကျီများ၊ လက်ဝါးကပ်တိုင် ဆင်းတုတော်များ၊ မယ်တော်မာရိ ဆင်းတုတော်များနှင့် နံရံကပ် ရုပ်ပုံများအားဖြန့်ဝေရောင်းချခဲ့ကြောင်းလည်းသိရသည်။

လိုင်ဇာမြို့ခရစ်ယန်ကက်သလစ် မြို့နယ်ခွဲွတွင်ကျင်းပသော ပွဲတော်သို့ KIO ကောင်စီ ခေါင်းဆောင်ကြီးနှင့်တကွ KIO ထိပ်သီးခေါင်းဆောင်များ၊ လိုင်ဇာပတ်ဝန်းကျင်ရှိ အမှုထမ်း၊ အရာထမ်းများ၊ အဝေးမှလာရောက် အဓိဋ္ဌာန်ပြုသူများနှင့် ကက်သလစ် အသင်းသားများ၊ ဘာသာရေး ပေါင်းစုံမှ လူများနှင့်ဒုက္ခသည်များကအဓိဋ္ဌာန်ပြုပြီး၊ ပွဲတော်ပါဝင်ဆင်နွှဲခဲ့ကြောင်းကိုလည်း သိရသည်။

ယခုနှစ်ကျင်းပသော လက်ဝါးကပ်တိုင် ဆုတောင်းတောင်တက်ပွဲတော်သို့ လူဦးရေ ၄၀၀၀ ကျော် ပါဝင်တက်ရောက် ကာ စည်ကားစွာကျင်းပနိုင်ခဲ့ကြောင်း ပွဲတော်စီစဉ်သူများထံမှသိရသည်။

Most read this week