မြစ်ကြီးနား-လိုင်ဇာ သွားလမ်းကို အစိုးရဂိတ်မှ ပိတ်ပင်ထား

မြစ်ကြီးနား-လိုင်ဇာ သွားလမ်းကို အစိုးရဂိတ်မှ ပိတ်ပင်ထား
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ လိုင်ဇာ၊ ဗန်းမော် သွားလမ်းကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာန ချုပ်လိုင်ဇာမြို့တွင် ကမ္ဘာ့ကုလသမဂ္ဂအကူညီပေးအဖွဲ့များရောက်ရှိနေချိန် စက်တင်ဘာ ၉ ရက်နေ့က နမ်ဆန်ယန် မြန်မာအစိုးရဂိတ်မှ ပြည်သူလူထုများသွားလာခွင့်ပိတ်ပင်ထားကြောင်း နမ်ဆန်ယန်မှ ပြန်ခေါက်လာသော ခရီးသည်များမှသိရသည်။

“ကျွန်တော်တို့က ဒီလိုပဲလမ်းဖွင့်တယ်ထင်ပြီးသွားလိုက်တာ၊ နမ်ဆန်ယန်ကနေ ဗန်းမော်ကို ခွဲသွား တဲ့ ဂိတ်မှာ ကျွန်တော်တို့ဆိုင်ကယ်တွေကို ပေးမဖြတ်ဘူး။  နေ့လည် ၁၂ လောက်ကပေါ့။ ပြီးတော့အဲဒီမှာ ၄ နာရီ ၅ လောက်စောင်ခိုင်းတယ်။ ညနေ ၆ နာရီ မိုးချုပ်လောက်ကျမှ မိုးတအားရွာနေတဲ့အချိန်၊ မြစ်ကြီးနားကို ပြန်ခိုင်းတယ်။ ကျွန်တော်တို့ကလည်းဘာမှ မလုပ်တတ် ကြောက်ကလည်းကြောက်နဲ့ ပြန်သွားလိုက်ရတယ်” ဟု မြစ်ကြီးနားသို့ပြန်ခေါက်လာသော ကျမ်းစာ ကျောင်းသားတစ်ဦး ကပြောသည်။

ဓါတ်ပုံအညွန်း- မြစ်ကြီးနား-လိုင်ဇာလမ်း။

မြစ်ကြီးနား-လိုင်ဇာလမ်းကို အများပြည်သူများသွားလာနိုင်ရန် နားလည်မှုဖြင့် ပြီးခဲ့သည့် ဇွန်လပိုင်းကမှ ကယ်ရီသမားများနှင့် ဒေသခံပြည်သူများ၊ ကျောင်းသူ/သားများ၊ တစ်နိုင်တစ်ပိုင် စျေးသည်များကို သွားလာခွင့်ပြုခဲဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နမ်ဆန်ယန် မောင်နှမ ထမင်းဆိုင်ဂိတ်ကိုရောက်တော့ ကယ်ရီသမားတွေဖြတ်လို့မရဘူး။ သွားချင်ရင် ဆိုင်ကယ် ထားခဲ့ လူကသွားလို့ပြောတယ်။ ကယ်ရီငှားလာတဲ့သူကို အဲဒီနေရာမှာ ချထားပေးခဲ့တယ်။
သူက အဲဒီနားမှာ ရှိတဲ့ နမ်ဆန်ယန်ကနေ လိုင်ဇာဘက်သွားတဲ့ ကယ်ရီသမားတစ်ဆင့်ပြန်ငှားပြီး သွားလိုက်တယ်။ ကျွန်တော်က ပြန်ခေါက်သွားတယ်။”မြစ်ကြီးနား-လိုင်ဇာသို့ ပို့ဆောင်ပေးနေသော ကယ်ရီသမားတစ်ဦးက ပြောပါသည်။

ထိုသို့  အစိုးရဂိတ်မှ ဖြတ်သန်းသွားလာသောပြည်သူလူထုများကို ပြန်လည်စစ်ဆေးမှုများ ရှိလာသောကြောင့် ဒေသခံများ သွားလာရန် စိုးရိမ်ပူပန်နေရကြောင်း လိုင်ဇာမြို့သို့ရောက်လာသော အမျိုးသမီး ဆိုင်းလု က ဆက်ဆိုသည်။

“ကျွန်မခေါ်လာတဲ့မြစ်ကြီးနားက ကယ်ရီသမားကို နမ်ဆန်ယန် မောင်နှမထမင်းဆိုင် ဂိတ်ကနေပြန်ခေါက်ခိုင်း၊ ကျွန်မကိုကျတော့ အဲဒီနားမှာနေတဲ့ ကယ်ရီသမားတွေနဲ့ လိုင်ဇာကိုသွားလို့ပြောတယ်။ ပိုက်ဆံလည်း မရှိဘူး။
အဒေါ်တွေဆီလာခဲ့တာပါ။ အဲဒီနားမှာ ကယ်ရီသမားတွေ အနည်းဆုံး ဆယ် ယောက်လောက် ရှိတယ်။ နောက် လူတွေအများကြီးလည်းဘယ်ကိုသွားမလဲမသိဘူးစုနေကြတယ်။ သူတို့လို ဖမ်းခံထားချင်လားဆိုပြီး ခြိမ်းခြောက်ပြောသေးတယ်။”

ယခုအချိန်တွင် လိုင်ဇာမြို့သို့သွားသောလူငယ်၊ လူရွယ်၊ လူလတ်ပိုင်းများအား ဖြတ်သန်းသွားလာခွင့် စီစစ်လာခြင်းဖြစ်ပြီး၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ ဖွင့်လှစ်ကာ သင်ကြားပို့ချပေးနေသော
ကျောင်းများ၊ သင်တန်းများသို့ သွားလာခွင့်ပိတ်ပင်နေခြင်းဖြစ်ကြောင်း လိုင်ဇာဒေသခံများသုံး သပ်ပြောဆိုသည်။

လိုင်ဇာ-မြစ်ကြီးနားလမ်း ဖြတ်သန်းသွားလာနေသော ခရီးသွားပြည်သူများမှာ တစ်ရက်လျှင် (၃၀) ဦး ထက်မနည်း ရှိပါသည်။ မကြာမီ အောက်တိုဘာလယ်ပိုင်းတွင် မြစ်ကြီးနားတက္ကသိုလ်မှ ပြန်လာမည့် ကျောင်းသူ/ ကျောင်းသားများအတွက်လည်း အိမ်ပြန်မည့် လမ်းခရီးအတွက်စိုးရိမ်မကင်းဖြစ်နေကြောင်း သိရှိရသည်။

ကမ္ဘာ့ကုလသမဂ္ဂအကူညီပေးအဖွဲ့များသည် လိုင်ဇာမြို့အနီးတဝိုက်ရှိ စစ်ရှောင်ဒုက္ခသည်စခန်းများတွင် လာရောက်ကူညီပေးခဲ့ပြီးနောက် ယမန်နေ့တွင် လိုင်ဇာမှ ၄င်းတို့ရုံးဌာနရှိရာ၊ ဗန်းမော် ကုလသမဂ္ဂ ရုံးနှင့် မြစ်ကြီးနား ကုလသမဂ္ဂရုံးသို့တွင် အသီးသီးပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

Most read this week