ကုလအကူညီပေးရေးအဖွဲ့မှ ထောက်ပ့ံရေးပစ္စည်းကား ၁၁ စီး လိုင်ဇာသို့ ရောက်ရှိ

ကုလအကူညီပေးရေးအဖွဲ့မှ ထောက်ပ့ံရေးပစ္စည်းကား ၁၁ စီး လိုင်ဇာသို့ ရောက်ရှိ
by -
ကေအဲန်ဂျီ

ကမ္ဘာ့ကုလသမဂ္ဂအကူအညီပေးအဖွဲ့များသည် တရုတ်-မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့နှင့် အနီးပတ်ဝန်းကျင်တွင်ခိုလှုံနေသော စစ်ပြေးဒုက္ခသည်များအတွက် အကူညီပေးရေး ပစ္စည်း ကုန်တင်ကားကြီး (၁၁)ဖြင့် ပထမဦးဆုံးအကြိမ် ဒုက္ခသည်စခန်းသို့ ရောက်ရှိလာကာ အသီးသီး ဖြန့်ဝေပေးနေကြောင်းသိရသည်။

အဆိုပါ ကုလအကူညီပေးရေးအဖွဲ့များသည် လိုင်ဇာသို့ စက်တင်ဘာလ (၇) ရက်နေ့တွင် ရောက်လာခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့ နှင့်အတူ နိုင်ငံတကာ INGO အဖွဲ့အစည်း များ၏ ထောက်ပံ့မှု အကူအညီများလည်းပါဝင် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ရဲ့ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ OCHA မှ Helena Mazarro က ပြောဆိုသည်။

ကေအိုင်အို လိုင်ဇာသို့ ဒုက္ခသည်ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာတဲ့ ကုလ ကားတစီး။

“ဒီခရီးစဉ်ဟာ လိုင်ဇာကို ပထမဆုံးခေါက် ရောက်လာတာဖြစ်တယ်၊ ပါလာတဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ အကုန်လုံးကို အားလုံးကိုဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်၊ ဒီတစ်ခေါက်ထဲနဲ့မပြီးပါဘူး၊ နောက်ထပ် ၂ ခေါက် ဒီအတောအတွင်းမှာ လိုင်ဇာကို လာဖို့ အစီအစဉ်ရှိပါတယ်၊ အားလုံးပေါင်း ၃ခေါက်ရှိပါလိမ့် မယ်၊ ၃ခေါက် အတွင်းမှာလိုင်ဇာမြို့နဲ့ စခန်းပတ် ဝန်းကျင်မှာ မှီခိုနေထိုင်နေကြတဲ့ စစ်ပြေးမိဘပြည်သူများ ကိုပစ္စည်းများ ထောက်ပံ့ပေးဖို့ဖြစ်ပါတယ်။”

ဒုက္ခသည်များအတွက်အထောက်ပံ့ပေးအပ်မည့် ပစ္စည်းများသည် ဆန်၊ ဆီ၊ ဆား၊ မိုးကာ၊ မီးဖိုချောင်သုံး ပစ္စည်း အစုံ၊ ခြင်ထောင်၊ ကျောင်းအသုံးအဆောင်ပစ္စည်းများ၊ ပညာရေးနှင့် အခြေခံ ဆေးဝါးအသုံးအဆောင် ပစ္စည်းများ ccc M box ၊ Complimentary kit ၊ Sanitary kit ၊ Nutrient ion တို့ ဖြစ်ကြောင်းသိရသည်။

ထိုသို့ ကုလအဖွဲ့မှ ဒုက္ခသည်စခန်းများတွင် ကူညီထောက်ပ့ံမှုလိုအပ်နေချိန် အချိန်မီ ရောက်ရှိလာခြင်းကြောင့် ၀မ်းသာအားရဖြစ်ရကြောင်း ဝေကြိုင်ဒုက္ခသည် စခန်းအတွင်းရေးမှူး ဦးမလီ လဒီးကပြောသည်။

“သူတို့လာတာ ဘုရားလာသလိုပဲ။ မပြောတတ်အောင်ဝမ်းသာတယ်။ အခုလို မိုးအကုန်ပိုင်း ဆောင်းအဝင်မှာ လူကကျန်းမာရေးအတွက် အစာအဟာရတွေဖြည့်ရမယ့်အချိန်လိုအပ်တဲ့ အစားအသောက်နဲ့ဆေးဝါးတွေ ထောက်ပံ့ပေး လို့ပါ။ အခုဒီစခန်းမှာ bar racks အိမ်တွေ ကိုလည်း ဆောက်ပေးသွားမယ်။ နောက်တစ်ခေါက် ရောက်ရင် လုပ်ငန်းစမယ်။ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ တွေသူတို့ကိုယ်တိုင်လာဝေတယ်။ လူတစ်ဦးကို (၄၅) ရက်စာပေးတယ်။”
 
ဆက်လက်၍ UN နှင့် INGO အဖွဲ့အစည်းများက လိုင်ဇာဒေသရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ နှင့် တွေ့ဆုံရန်ရှိပြီး၊ ၎င်းတို့နှင့်တွေ့ဆုံကာ မိမိတို့ အနေဖြင့်လိုင်ဇာဒေသတို့ မရောက်ရှိသေးသော အခြေအနေ များတွင် တတ်စွမ်းသမျှအကူအညီပေးနေမှုကြောင့် ဂုဏ်ပြုသောအားဖြင့်တွေ့ဆုံသွား မည်ဖြစ်ကြောင်းလည်း သိရသည်။

ကုလအကူညီပေးအဖွဲ့ WFP၊ UNHCR၊ OCHA၊ UNICEF၊ DRC နှင့် MDM တို့သည် ကား (၆)စီး နှင့်ရောက်ရှိ လာခြင်းဖြစ်ပြီး အစပြုခြေလှမ်းအဖြစ်လာရောက်ခြင်းလည်းဖြစ်ရာ အကူအညီများ ဆက်လက်ပေးနိုင်ရန် သက်ဆိုင်ရာ ပါဝင်ပတ်သက်သူ ပုဂ္ဂိုလ်များနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ကုလသမဂ္ဂအဖွဲ့အစည်းနှင့် နိုင်ငံတကာ NGO အဖွဲ့အစည်းများက လိုင်ဇာမြို့ပတ်ဝန်း ကျင်ရှိဒုက္ခသည် စခန်းသို့ လှည့်လည်ကြည့်ရှုကာ လိုင်ဇာမြို့တွင် (၃) ရက်ကြာနေထိုင်ပြီးနောက် ဗန်းမော်မြို့မှ မိုင်ဂျာယန် တိမ်းရှောင်စခန်းဘက်သို့ ဆက်လက် အကူအညီများ ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း ၄င်းအဖွဲ့မှ သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ် အကူအညီ ပေးအဖွဲ့မှ ၂၀၁၁ ခုနှစ်ဒီဇင်ဘာလတွေ ပထမဆုံး ရောက်ရှိခဲ့ပြီး ကချင်ဒုက္ခသည်များကို အပြည့်အဝထောက်ပံ့မှုများဖြင့် ဆက်တိုက်ကူညီမှုပေးနိုင်ရန် စီစဉ်ညှိနှိှုင်းနေခြင်း ကြောင့် အချိန်ကြန့်ကြာသွားခြင်းဖြစ်ကြောင်း လည်းသိရသည်။

အဆိုပါ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နှင့် ကူညီပေးရေးအဖွဲ့အစည်းများသည် ယခင်က လိုင်ဇာသို့ကူညီပေးရန် ညှိနှိုင်းမှုများ ကြန့်ကြာနေသော်လည်း ပြီးခဲ့သည့်လကုန်ပိုင်းက ကုလအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာဗီဂျေနမ်ဘီးယားကိုယ်တိုင် လိုင်ဇာသို့ရုတ်တရက်သွား ရောက်လေ့လာခွင့်ရရှိကာ ဒုက္ခသည်စခန်းအချို့ကို လေ့လာခဲ့ပြီးနောက် ဤကဲ့သို့ ကူညီထောက်ပံ့မှုများ လည်း ဆက်တိုက်ဆိုသလို ရောက်လာနိုင်ခဲ့ခြင်းဖြစ်သည်။

Most read this week