ရာမွန်မတ်ဆေးဆေးဆု လက်ခံရရှိခဲ့သော ဒေါ်လဖိုင်ဆိုင်းရော်အား လိုင်ဇာမှ ကြိုဆိုဂုဏ်ပြု

ရာမွန်မတ်ဆေးဆေးဆု လက်ခံရရှိခဲ့သော ဒေါ်လဖိုင်ဆိုင်းရော်အား လိုင်ဇာမှ ကြိုဆိုဂုဏ်ပြု
by -
ကေအဲန်ဂျီ

၂၀၁၃ ခုနှစ်၏ ရာမွန်မတ်ဆေးဆေး ဆုချီးမြှင့်မှုခံယူပြီး ပြန်လည်ရောက်ရှိလာသော ကချင်တိုင်းရင်းသူ ဒေါ်လဖိုင်ဆိုင်းရော်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ ယမန်နေ့က လိုင်ဇာမြို့ PDR ခမ်းမ၌ နေ့လည်စာဂုဏ်ပြုခြင်းနှင့် အထိမ်းအမှတ်ဆုတံဆိပ် ချီးမြှင့်ခြင်း ဂုဏ်ပြုအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

Ramon Magsaysay ဆုရှင် လဖိုင်ဆိုင်းရော် အား KIO မှ ဂုဏ်ပြုလက်ဆောင်ပေးနေပုံ။

ဂုဏ်ပြုခြင်း အခမ်းအနားကို ခရစ်ယာန်ဝတ်ပြုဆုတောင်းခြင်းဖြင့်စတင်ကာ၊ လိုင်ဇာဒေသရှိ NGO အဖွဲ့အစည်းအသီးသီး မှလည်း ဂုဏ်ပြုခဲ့ပြီး KIO ဖက်မှလည်း ရာမွန် မတ်ဆေးဆေးဆု ရရှိသော ဒေါ်လဖိုင်ဆိုင်းရော်အား ဂုဏ်ပြုအမှာစကားပြောကြားကာ ဂုဏ်ပြုတံဆိပ်နှင့် ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဂုဏ်ပြုအခမ်းအနားပြုလုပ်ကာ ကြိုဆိုခြင်းကို ဒေါ်လဖိုင်ဆိုင်းရော်အနေဖြင့် ဝမ်းသာပီတိဖြစ်ကြောင်း၊ KIO သည် မိမိလက်ရှိလက်ကိုင် နေသောလူမှု ဖွဲ့အစည်းသို့ ရောက်ရှိအောင် တိုက်တွန်းပေးခဲ့သော အဖွဲ့အစည်းဖြစ်ကြောင်းပြောသည်။

“ကချင်အမျိုးသားခေါင်းဆောင် ဘရန်ဆိုင်း (ကွယ်လွန်) ဦးဆောင်တဲ့အဖွဲ့နဲ့ ယခုလက်ရှိခေါင်းဆောင်တို့ ကနေပြီး ကျွန်မရှိနေတဲ့ ဂျာမနီနိုင်ငံကို ရောက်လာခဲ့တယ်။ အဲဒီအချိန်ကစပြီး ဘဝပြောင်းလဲသွားခဲ့တယ်။ ကောင်းတဲ့ ဘက်ကိုပေါ့။ သူတို့သာ မရောက်ခဲ့လို့ရှိရင် တိုင်းရင်းသားကိုယ်စားပြု မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ အခုချိန် ဆုတက်ယူခွင့်ရမှာမဟုတ်ပါဘူး” ဟု KNG ကချင်သတင်းဌာနသို့ ဒေါ်လဖိုင် ဆိုင်းရော် ပြောသည်။

ယခုကဲ့သို့ ရာမွန်မတ်ဆေးဆေး ဆုရရှိခြင်းမှာ မြန်မာနိုင်ငံထဲရှိလူမှုအဖွဲ့အစည်းများအတွက်လည်း အကျိုးဖြစ် ထွန်းစေကာ၊ နိုင်ငံတကာလူမှုအဖွဲ့အစည်းများ၏ ယုံကြည်မှုများကိုလည်း ဖော်ဆောင်နိုင်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ရာမွန်မတ်ဆေးဆေးဆုအား ဖိလစ်ပိုင်နိုင်ငံ မတ်ဆေးဆေးဖောင်ဒေးရှင်းမှ အာရှ နိုင်ငံများတွင် မိမိကိုယ်ကျိုးအတွက် ဆောင်ရွက်ခြင်းမဟုတ်ပဲ အများအကျိုးကို ဆောင်နိုင်သူများအား လေ့လာ ရှာဖွေ ပေးအပ်သော ဆုဖြစ်ကြောင်းလည်း သိရသည်။

ထိုဂုဏ်ပြုအခမ်းအနားသို့တက်ရောက်ခဲ့သော NGO မှအမျိုးသမီးတစ်ဦးက “ဘယ်အဖွဲ့အစည်းကပဲ ဆုရရ လူမှုအဖွဲ့အစည်းရဲ့ကိုယ်စား ပြုလိုက်တဲ့သဘောပါပဲ။ ဒါကြောင့် အလိုလိုဝမ်းသာတယ်။ အင်အားပိုရှိသွား တာမျိုးကို ခံစားရတယ်။ အမျိုးသမီးဖြစ်တဲ့အတွက်လည်းအင်မတန်မှ ဂုဏ်ယူပါတယ်” ဟုပြောသည်။

ဆက်လက်၍ ၎င်းအနေနှင့် အမျိုးသားရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန် နှင့်လူထုဖွံ့ဖြိုးရေး လုပ်ငန်း များ ကိုလည်း တတ်စွမ်းသမျှဆောင်ရွက်သွားကာ အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောသည်။

“မြန်မာကို နိုင်ငံတကာက အသိမှတ်ပြုလာတာကြောင့်မို့ အခုဆိုရင်အခွင့်အရေးတွေ၊ နည်းလမ်းတွေ ပေါင်းစုံ နဲ့အမျိုးသားရေးတွေကို ဆောက်ရွက်လို့ရနေပြီ။ ဆက်လက် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ အမျိုးသမီး လုပ်ငန်း တွေ မှာ ပါဝင်ကူညီသွားမယ်။ အဓိက ကတော့ မြစ်ဆုံ၊ မလိခ ကျေးလက်၊ ကျေးရွာမှာ လက်ရှိအခက်အခဲ ကြံုတွေ့ နေရတဲ့ ဒေသခံတွေအတွက်တက်နိုင်သလောက် အကူအညီ ပေးသွားမယ်” ဟု ဒေါ်လဖိုင် ဆိုင်းရော် ကပြောသည်။

အဆိုပါ ရာမွန် မတ်ဆေးဆေးဆု ရရှိသောဒေါ်လဖိုင်ဆိုင်းရော် အားဂုဏ်ပြုအခမ်းအနားတွင် KIO ခေါင်းဆောင်များ၊ အစိုးရ (KIO) အရာရှိကြီးများ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများကလည်း ပါ၀င်တက်ရောက်ဂုဏ်ပြုခဲ့ကြောင်းသိရသည်။

Most read this week