တိုက်ပွဲကြောင့် ကချင်ပြည်နယ်မြောက်ဖျားပိုင်း တောတွင်းရောက် ကျေးလက်ဒေသခံ ၁၀၀ ခန့် အရေးပေါ် အကူအညီလိုအပ်

တိုက်ပွဲကြောင့် ကချင်ပြည်နယ်မြောက်ဖျားပိုင်း တောတွင်းရောက် ကျေးလက်ဒေသခံ ၁၀၀ ခန့် အရေးပေါ် အကူအညီလိုအပ်
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် မြောက်ဖျားပိုင်း ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် အင်ခါဂါကျေးရွာတွင် သြဂုတ်လ ၂၈-၂၉ အတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ဒေသခံရွာသားများ အသီးသီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ တောထဲတွင် ပုန်းခိုနေသော ဒေသခံ ၁၀၀ ခန့်အတွက် အရေးပေါ်အကူအညီလိုအပ်နေကြောင်းသိရသည်။

အစိုးရတပ် ခလရ (၁၃၇) နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တပ်မဟာ (၁) တပ်ရင်း (၇) ကြား တိုက်ပွဲဖြစ် ပွား ခဲ့ချိန် ရွာသား ၂၀၀ ခန့်သည် ထွက်ပြေးတိမ်းရှောင်ခဲ့ရာ လူလတ်ပိုင်း ၁၁ ဦးသာ နောင်ခိုင်ကျေးရွာသို့ စက်တင်ဘာ ၄ ရက်နေ့က တိမ်းရှောင်လာ နိုင်ခဲ့ခြင်းဖြစ်သည်ဟု  အကူညီပေးနေသော ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) အတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန် ပြောသည်။

“အခု ရောက်လာတဲ့ ၁၁ ယောက်က အရဲစွန့်ထွက်ပြေးလာလို့ရွာထဲကိုရောက်လာတယ်။  ကျန်တဲ့ ၁၀၀ လောက်က တော ထဲမှာ ။ အစာရေစာမရှိ ကြာရင်အရမ်းခက်ခဲ နေကြမယ်လို့ ပြောတယ်။ ရွာသား အဖိုးကြီးအဖွားကြီးတွေ ၂၀ လောက် က အဲဒီရွာမှာပဲ လမ်းမလျှောက်နိုင်လို့ ရွာထဲမှာနေခဲ့ကြတယ်တဲ့။ ထွက်ပြေးလာတဲ့သူတွေ ၄၀ လောက်တော့နောင်ခိုင်ရွာ အနီးနားမှာ ရောက်နေကြတယ်။”

အဆိုပါ ဒေသခံ များကို အချိန်မှီ ကူညီပေးနိုင်ရန်  ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ အစိုးရနှင့်ညှိနှိုင်း ဆောင်ရွက်ကာ ပြင်ဆင်နေကြောင်း KBC အတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန် KNG ကချင်သတင်းဌာန သို့ ဆက်ပြောသည်။

“အဲဒါ အယောက် ၁၀၀ လောက်ကို လာခေါ်ဖို့အတွက် ဗျူဟာမှူးကိုပြောကြည့်တော့ မရဘူးလို့ပြောတယ်တဲ့။ ဆိုတော့ အဲဒီလူတွေက တောထဲမှာ ရွာထဲကိုလည်းမပြန် ဟိုမရောက်ဒီမရောက်ဖြစ်နေကြတယ်။ သွားခေါ်လို့လည်းမရဘူး သွားခေါ်ရင်လည်း မလိခမြစ် ကနေပဲ သွားခေါ်ရမယ်တဲ့ အခုသူတို့က မလိခ မြစ်မှာ အစိုးရတပ်တွေရှိနေတော့ ဆင်းလာဖို့လည်းကြောက် ဖြစ်နေကြတယ်။ အဲဒါကြောင့် ကျွန်တော်တို့လည်း ပြည်နယ်အစိုးရကိုပြောကြည့်ဖို့ လုပ်နေတယ်။ ဒီနေ့ပြောဖို့ စောင့်နေတယ်။”

အင်ခါဂါကျေးရွာအနီးဖြစ်ပွားခဲ့သော ၄င်းတိုက်ပွဲများသည် ပြင်းထန်မှုရှိခဲ့ပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု  KIO ဖက်မှသိရသည်။ ယခုချိန် တိုက်ပွဲဖြစ်ပွားသောနေရာအနီးတဝိုက် အစိုးရတပ်နှင့် ဦးတန်ဂူးတန် ပြည်သူ့စစ်တပ်ဖွဲ့များ လှုပ်ရှားနေဆဲ ဖြစ်ကြောင်း သိရသည်။

ထိုတိုက်ပွဲကြောင့် ဒေသခံများသည် ကြောက်လန့်၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရာ တောတောင်များတွင် သောင်တင်နေခြင်းဖြင်ကြောင်းသိရသည်။ အင်ခါကျေးရွာတင် အိမ်ခြေ ၅၀ ကျော် ရှိပြီး ဒေသခံရွာသားများ ၂၀၀ ခန့် နေထိုင်ကြောင်းသိရသည်။

ယခုချိန် အဆိုပါစစ်ပြေးဒုက္ခသည်များကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ လက်လှမ်းမီနိုင်သော နေရာများတွင် ကူညီမှုပေးနေပြီး တောတွင်းသို့ထွက်ပြေးနေသူများကို အစာငတ်ပြတ်အသက်အန္တရာယ်မှ အမြန်ဆုံးကယ်တင်နိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း KBC ကူညီရေးအဖွဲ့မှပြောသည်။

Most read this week