ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ရွေးကောက်ပွဲကော်မရှင်သို့ တရားဝင်မှတ်ပုံတင်လျှောက်ထား

ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ရွေးကောက်ပွဲကော်မရှင်သို့ တရားဝင်မှတ်ပုံတင်လျှောက်ထား
by -
ကေအဲန်ဂျီ

ဒေါက်တာတူးဂျာ ဦးဆောင်သော  ကချင်ပြည်နယ် ဒီမိုကရေစီပါတီ Kachin State Democracy Party (KSDP)ကို တရားဝင်ပါတီဖြစ်ရန်အတွက် နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ထံသို့ မှတ်ပုံတင်လျှောက် ထားပြီဖြစ်ကြောင်း သိရသည်။

နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ ဒေါက်တာတူးဂျာနှင့်အတူ ဦးဘရန်လီ၊ ဦးဇော်ဒွဲ တို့ သုံးဦး သြဂုတ်လ ၂၈ ရက်နေ့က ကိုယ်တိုင်သွားရောက်ကာ တင်ထားခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာ တူးဂျာပြောသည်။

“ရွေးကောက်ပွဲကော်မရှင်ရုံးမှာ သွားတင်ထားပြီးပါပြီ။ အဲဒီမှာ ပါတီတည်ထောင်လိုသူများမှာ ပါ၀င်တဲ့သူတွေ  ၁၇ ယောက် ။ ရုံးကိုသွားတာကတော့ ကျွန်တော်တို့ ၃ ယောက်သွားတာပါ။ သူတို့ဖက်က ကောင်းကောင်း လက်ခံထားပါတယ်။ ဖြတ်ပိုင်းနံပါတ်ကတော့ (၇၅) ရလာပါတယ်။ အခုလောလောဆယ်တော့ အိမ်မှာနားရင်းနဲ့ ကော်မရှင်ကနေ ဘာတွေပြောလာမလဲဆိုတာကို ကျွန်တော်တို့အားလုံး နားစွင့်နေကြပါတယ်။ စက်တင်ဘာလယ်ပိုင်းလောက်မှာ သိရမယ်ထင်တယ်။”

ရွေးကောက်ပွဲအတွက် လှုပ်ရှားမှုများစေသေးသော်လည်း ပါတီတရပ်တည်ထောင်လိုသော ဆန္ဒမှနိုင်ငံရေးစိတ် ပါ ၀င်စားပြီး အဖွဲ့အစည်းနှင့်ကင်းရှင်းသော မြို့ပေါ်ရှိ ပြည်သူများနှင့် စုဖွဲ့ကာ တည်ထောင်လိုက်ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် တရားဥပဒေဘောင်အတွင်း လွပ်လပ်စွာဖွဲ့စည်းထားသော ပါတီတရပ်အနေဖြင့် ကချင်ပြည်နယ် လူထုကိုယ်စားပြုပါတီအဖြစ် တရားဝင်ရပ်တည်လာနိုင်မည်ဟု မျှော်လင့်ထားကြောင်း ဒေါက်တာတူးဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။

“  ချပေးမယ်လို့ယုံကြည်တယ်လေ။ ကျွန်တော်တို့အနေနဲ့လည်း မှားယွင်းလုပ်တာမျိုးဘာမှမရှိဘူး သူတို့သတ် မှတ်ထားတဲ့ဥပဒေအတိုင်း ကျွန်တော်တို့လုပ်တာပါ။ ပြီးတော့ စနစ်လည်းပြောင်းသလောက် ပြောင်းနေပြီ လေနော် ဆိုတော့ ဒီတကြိမ်တော့ ပေးမယ်လို့ ယုံကြည်ထား ပါတယ်။”

အဆိုပါ ပါတီနှင့်ပတ်သက်၍  ပေးထားသောပါတီအမည် လူမျိုးပေါင်းစုံ၊ ဘာသာမျိုးစုံ  နေထိုင်ကြသော ကချင်ပြည်နယ်တခုလုံးကို ကိုယ်စားပြုသော နာမည်ယူထားသည်ကိုတွေ့သောကြောင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အရေးပါသော အချက်အဖြစ် ရှုမြင်ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက် (Kachin Peace Network) မှ Coordinator ဒေါ်ခေါန်ဂျာပြောသည်။

“ကျမတို့မြန်မာနိုင်ငံအတွက်ဆိုလို့ရှိရင်တော့ ဒီအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့အခါမှာ အင်မတန်မှ အရေးပါတဲ့နာမည်တခုလည်းဖြစ်နေတယ်ပေါ့နော်။ အရင်ကလည်းအကြိမ်ကြိမ်ပေါ့ KIO မှာ သူတာဝန်ရှိတုံးက လည်းပဲ မြန်မာနိုင်ငံရဲ့အရေးဟာ လက်နက်ကိုင်ရေးနည်းနဲ့ မဖြေရှင်းပဲနဲ့ နိုင်ငံရေးဆွေးနွေးမှုနဲ့ နိုင်ငံရေးအရ ဖြေရှင်းရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သူတို့မြင်ထားပါတယ်။ သို့သော်လည်း အမှန်တကယ်အားဖြင့် နိုင်ငံရေးအရ ဆွေးနွေးပါ၀င်ဖြေရှင်းနိုင်ခွင့်ကျတော့ သူ့မှာလုံးဝမရခဲ့ဘူးပေါ့နော်။ ပြောရမယ်ဆိုလို့ရှိရင်တော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်းပဲ မူကြမ်းပြုစုရေးကော်မတီမှာ သူအစအဆုံးပါ၀င်ခဲ့တယ်။ နောက်ဆုံး မူကြမ်းကိုလည်းပဲ နိုင်ငံတော်အပ်နှင်းတဲ့အခါမှာ ကော်မရှင်ရဲ့ကိုယ်စားအပ်နှင်းတာ သူကိုယ်တိုင်ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒီအခြေခံဥပဒေအရကျင့်သုံးတဲ့အခါမှာ သူ့ကို အခြေခံဥပဒေအရ ရွေးကောက်ပွဲပါ၀င်ခွင့်ကို မရှိခဲ့ဘူး။ အဲဒါကတော့ တော်တော်မကောင်းခဲ့ဘူး။”

ထို့ကြောင့် ယခုတကြိမ်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေးအရ အဖြေရှာခြင်း၊ ဒုတိယပင်လုံညီ လာခံကိစ္စရပ်များ စသည်ဖြင့် မည်သို့ပင်ဆိုစေကာမူ ဒေါက်တာတူးဂျာကဲ့သို့ ဆန္ဒရှိသောသူများလွှတ်တော်သို့ သွားရန် ကြိုးစားအားထုတ်သူများအား အခြေခံဥပဒေက ပေးအပ်ထပ်ထားသော အခွင့်အရေးကို ကော်မရှင်က လျစ်လျူရှုမထားသင့်ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ဒေါ်ခေါန်ဂျာ  ပြောဆိုသုံးသပ်ခဲ့သည်။

ဒေါက်တာတူးဂျာ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ၆ ဦးသည် နိုင်ငံရေးအရဖြေရှာရန် ကချင်လွတ်မြောက် ရေးအဖွဲ့ KIO မှ နှုတ်ထွက်ကာ ၂၀၁၀ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) ကို တည်ထောင်၍  ပါတီမဲ ဆွယ်စည်းရုံးမှုများ အောင်မြင်ခဲ့သော်လည်း ကော်မရှင်ရုံးသို့ မှတ်ပုံတင်လျှောက် ထားခဲ့ရာ KIO နှင့်ပတ်သက် ဆက်နွယ်မှုဖြင့် ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့သည်။

ယခုထပ်မံဖွဲ့စည်းလိုက်သော ကချင်ပြည်နယ်ဒီမိုကရေစီပါတီကိုမူ မည်သည့်အဖွဲ့အစည်းနှင့်မျှ ပတ်သက်မှုမ ရှိသူ လူထုများနှင့် ဖွဲ့စည်းထားခြင်းဖြစ်သောကြောင့် ရွေးကောက်ပွဲကော်မရှင်မှ ချပေးမည်ဟုယုံကြည်နေခြင်း ဖြစ်ပြီး ပါတီလှုပ်ရှားမှု၊ စည်းရုံးမှုများကိုမူ တရားဝင်ပါတီချပေးပြီးနောက်ပိုင်းမှ လှုပ်ရှားသွားရန်ဖြစ်ကြောင်း သိရသည်။

Most read this week