နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အား ဆိုလာ ပြားများ အရောင်းသွက်

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အား ဆိုလာ ပြားများ အရောင်းသွက်
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် မီးပြတ်တောက်ပြီးနောက်ပိုင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အား ဆိုလာ (Solar) ပြားများ လတ်တလောအရောင်းသွက်နေကြောင်း လျှပ်စစ်နှင့်စက်ပစ္စည်းအရောင်းဆိုင်များ ထံမှသိရသည်။

အစိုးရထိန်းချုပ်သော မြစ်ကြီးနားနှင့် ၀ုိင်းမော်မြို့တို့တွင်  ဖြန့်ဖြူးပေးနေသော မလိရေအား လျှပ်စစ်ဓါတ်အား ပြတ်တောက်  သောကြောင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အား ဆိုလာပြားများ ယခင်ထက် ပိုမိုအရောင်းသွက်လာရခြင်းဖြစ်ကြောင်း “USA Lum Tu” လျှပ်စစ်နှင့် စက်ပစ္စည်းအရောင်း ဆိုင်ရှင် ကိုလွမ်တူးက ပြောသည်။

“အရမ်းရောင်းကောင်းနေပါတယ်၊ ဒီနေ့ဆိုရင် အရေအတွက်အားဖြင့် ၄၀၊ ၅၀ ကြားရောင်းရတယ်။ ဒီလိုနေပူတဲ့နေ့တွေမှာဆိုရင် ဝယ်တဲ့သူတစ်အားများတယ်။ အခုတလော မလိရေအားလျှပ်စစ်မီး မလာတော့ ဆိုလာပြားကို ပိုပြီးအားကိုးတကြီးဝယ်ကြတယ်။ မီးက ဘယ်အချိန်လာမယ်ဆိုတာ မသိနိုင်ဘူး။ ဒီတော့ဆက်ပြီး အရောင်းသွက်ဦးမယ်လို့ ထင်တယ်။”

အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားသည် အမြင့်ပေအလိုက် စျေးနှုန်းများအသီးသီးရှိပြီးလက်ရှိ ရောင်းစျေး ကျပ် ၂ သောင်း မှ ၁ သိန်း ၈ သောင်းထိ ပေါက်စျေးရှိကြောင်း သိရသည်။

“လာဝယ်တဲ့သူတွေကတော့ ဖုန်းအားသွင်းဖို့၊ တီဗွီလည်းကြည့် မီးလည်းထွန်း ဆိုပြီးကိုယ်သုံးချင်တဲ့အတိုင်း လာဝယ်တော့ ဒီကဆင်ပေးလိုက်တယ်။ ရိုးရိုးဖုန်းသွင်းရုံဆိုအသေး ၂ သောင်းခွဲ တန်သုံးတယ်။ မီးထွန်းဖို့ ကျတော့ ၄ သောင်းနဲ့ ၅ သောင်းတန်လောက်မှရတယ်။ အစုံသုံးဖို့ဆိုရင် ၃ သိန်းနီးပါး ဆင်ပေးရတယ်” ဟု ဆိုင်ပိုင်ရှင် လွမ်တူးက ပြောသည်။

ကျေးလက်ဒေသရှိဒေသခံများသည် လျှပ်စစ်မီးရရှိရန် လျှောက်ရသည့်အချိန်ကြန့်ကြာသောကြောင့် လွယ်ကူစွာမီးအသုံးပြုနိုင်သော အဆိုပါနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အား ဆိုလာပြားကိုသာ အဝယ်များကြခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတဦးပြောသည်။

“လျှပ်စစ်မီးမရှိရင်အရမ်းခက်တယ်။ ကလေးတွေ စာဖတ်ဖို့ လည်းခက် ဖုန်းလည်းသုံးလို့မရဘူးဆိုတော့ အိမ်မှာ ၁ သိန်းခွဲတန် ဆိုလာပြား ၀ယ်ထားတယ်။ သုံးရတာအဆင်ပြေတယ်။ အဲဒီကနေ ဘက်ထရီသွင်းတယ် မီးသုံးတယ်။”

ဒေသခံများသည် ဆိုလာပြားများကို မိုးရွာနေပူ အချိန်မရွေးသုံးနိုင်သောကြောင့် ဒေသခံများကြိုက်တွေ့နေခြင်း ဖြစ် မိုးကောင်းမြို့မှ ဒေသခံလူငယ်တဦး ဆက်ပြောသည်။

“ဆိုလာသုံးရတာအဆင်ပြေတယ်။ သွင်းထားတာနဲ့ အားရှိပြီ။ ပိုက်ဆံအပိုကုန်ကျစရာမလိုဘူး။ တခြားမီးတွေ ဆို ပိုက်ဆံကုန်တာများတယ်။ အခုဆိုရင်ဖုန်းတွေမှာ ကြားခံမလိုပဲသုံးလို့ ရနိုင်ပြီ” ဟု KNG ကချင်သတင်းဌာနသို့ ပြောသည်။

နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများအား တရုတ်ပြည်ဘက်မှ တင်သွင်းဖြန့်ဖြူးရောင်းချနေခြင်းဖြစ်ကာ၊ ၂၀၁၂ ခုနှစ်မှစ၍ ကချင်ပြည်တွင်အရောင်းသွက်နေသော လျှပ်စစ်ပစ္စည်းတစ်မျိုးဖြစ်ကြောင်း သိရသည်။

Most read this week