အစိုးရနှင့် KIO စက်တင်ဘာလ အတွင်း တွေ့ဆုံရေးပြင်ဆင်

အစိုးရနှင့် KIO စက်တင်ဘာလ အတွင်း တွေ့ဆုံရေးပြင်ဆင်
by -
ကေအဲန်ဂျီ

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရ ကိုယ်စားလှယ်များကြား ယခုလအတွင်း တွေ့ဆုံဆွေးနွေးနိုင်ရန် နှစ်ဖက်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေး အလုပ်အဖွဲ့ Technical Team တို့ဆွေးနွေးညှိနှိုင်း နေဆဲဖြစ်ကြောင်းသိရသည်။

မေလ နောက်ဆုံးတွေ့ဆုံခဲ့ရာတွင်  ၃ လကြာပြီဖြစ်သောကြောင့် ဆက်လက်၍ ဆွေးနွေးမှုဖြစ်မြောက်ရန် လုပ်ငန်းစဉ်များကို KIO ဖက်မှ Technical Advisory Team နှင့် အစိုးရဖက် Technical Team တို့ လာမည့် စက်တင်ဘာ ၁၀ ရက်အတွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာကပြောသည်။

“အခု ထပ်မံတွေ့ဆုံဆွေးနွေးပွဲမှာ ဘာတွေပြောကြမယ် ဘယ်ခေါင်းစဉ်အောက်မှာ ကျွန်တော်တို့ နိုင်ငံရေး ဆွေးနွေးကြမယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့အခု ညှိနှိုင်းနေကြတယ်။  ပြန်တွေ့ဆုံတဲ့ အခါမှာလည်း နိုင်ငံရေးဆွေးနွေးခြင်းသီးသန့်မဟုတ်ပဲ နိုင်ငံရေးအပြင် တဆက်တည်းမှာ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ပြန်လည်နေရာချထားရေးကိစ္စတွေကို ဘယ်လိုစီစဉ်သွားကြမလဲ ဆိုတာတွေကိုလည်း ဆွေးနွေးညှိနှိုင်းတာတွေ ပြင်ဆင်တာတွေကိုလည်းလုပ်နေကြပြီ။”

ထိုသို့ နှစ်ဖက် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အလုပ်အဖွဲ့များကြား ကြိုတင်လုပ်ငန်းများ၊ ဆွေးနွေးသင့်သည့် ကိစ္စရပ်များကို ညှိနှိုင်းပြင်ဆင်ကြပြီးနောက်ပိုင်း ၄င်းသဘောတူညီမှုချက်ပေါ်မူတည်၍ စက်တင်ဘာလ ကုန်ပိုင်းခန့်တွင် အစိုးရနှင့် KIO ကိုယ်စားလှယ်များ ဆက်လက်တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်မည်ဟု မျှော်လင့်ကြောင်းပြောသည်။

ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာဗီဂျေနမ် ဘီးယား ကချင်ပြည်နယ်သို့ရောက်ချိန်တွင်းမှာလည်း တွေ့ဆုံဆွေးနွေးမည့်ကိစ္စ အစိုးရဖက်မှ အဆင့်သင့်ဖြစ် နေသည်ဟု သိရပြီး KIO ဖက်မှလည်း တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင် သွားသင့်ကြောင်း တိုက်တွန်းခဲ့သည်ဟုဆိုသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ “အလုံးစုံအပစ်ခတ်ရပ်စဲရေးနှင့် တပြည်လုံးအတိုင်းအတာ အပစ်ခတ်ရပ်စဲရေး” ကိစ္စ အစိုးရဖက် အကောင်ထည်ဖော်လုပ်ဆောင်သွားရန် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဖက်မှ မျှော်လင့်နေ ပြီး ဆွေးနွေးပွဲအပြီး တိုက်ပွဲများဆက်လက်မဖြစ်ပွားစေရန်လည်း အစိုးရဖက်မှ သဘောတူညီချက်များကို လိုက်နာရန်လိုအပ်ကြောင်း KIO တွေ့ဆုံဆွေးနွေးရေး ခေါင်းဆောင် ဆရာ ဆွမ်လွတ်ဂမ်ပြောဆိုသည်။

Most read this week