လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးပမ်းသူ ကချင်အမျိုးသမီး လဖိုင်ဆိုင်းရော် Ramon Magsaysay ဆု တက်ယူ

လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးပမ်းသူ ကချင်အမျိုးသမီး လဖိုင်ဆိုင်းရော် Ramon Magsaysay ဆု တက်ယူ
by -
ကေအဲန်ဂျီ

၂၀၁၃ ခုနှစ်၏ ရာမွန်မတ်ဆေးဆေး (Ramon Magsaysay Award) ဆုချီးမြှင့်ခံခဲ့ရသော ဒေါ်လဖိုင်ဆိုင်းရော် သည် သြဂုတ်လ ၃၁ ရက်နေ့တွင် ဖိလိပိုင်နိုင်ငံ Cultural Center ခန်းမတွင် ကျင်းပသော အခမ်းအနား၌ ဆုကိုလက်ခံရရှိခဲ့သည်။

လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းကိုတည်ထောင်ခဲ့သော ဒေါ်လဖိုင်ဆိုင်းရော်ကို ဖိလိပိုင်နိုင်ငံအနေဖြင့် “လက်ကိုင်ပဋိပက္ခအတွင်း ဒုက္ခသည်များဘဝဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု၊ အစိုးရနှင့်အစိုးရမဟုတ်သော အဖွဲ့အစည်းများကို ငြိမ်းချမ်းစွာဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်ခဲ့သော မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသည့် အနာဂါတ်အတွက် အုတ်မြစ်ချထားပေးခဲ့သူ” ဟု ရာမွန်မတ်ဆေးဆေး ဖောင်ဒေးရှင်းမှ ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

Ramon Magsaysay Award ဆုရှင် ကချင်အမျိုးသမီး လဖိုင်ဆိုင်းရော်။ ဓါတ်ပုံ - GMA

ချီးမြှင့်သောဆုသည် သမ္မတ ရာမွန်မတ်ဆေးဆေး ဆုတံဆိပ်နှင့် ငွေသား အမေရိကန်ဒေါ်လာ ၅ သောင်းဖြစ်ပြီး အဆိုပါငွေကိုလက်ခံရရှိသည့်နောက် သူမအနေဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုသွားရန် ရည်ရွယ်ထားသည့်အတိုင်း အသက်သွေးကြောသဖွယ်ဖြစ်သော ဧရာဝတီမြစ်တည်တံ့စေရေး လှူဒါန်း သွားမည်ဖြစ်ကြောင်း ဖိလိပိုင်သို့မသွားမီ KNG ကချင်သတင်းဌာနသို့ ပြောဆိုခဲ့သည်။

“ဒီဧရာဝတီမြစ်ဟာ ကျမတို့တိုင်းရင်းသားတွေအားလုံးကို ဆက်သွယ်ထားတဲ့ကြိုးမျှင်တမျှင်ဖြစ်တယ်လို့ ကျမလက်ခံထားလို့ပါ။ ဒါကြောင့်မို့ ကျမတို့ စိတ်ဝမ်းကွဲပြာခြင်းမရှိရလေအောင် ကျမတို့ အခုလိုအပြောင်းအလဲ ကာလမှာ ကျမတို့လိုအပ်တဲ့ စည်းလုံးညီညွတ်ခြင်းအင်အားကိုလည်း တဖက်တလမ်းကနေ ပံ့ပိုးသွားတဲ့အနေနဲ့ ကျမဆက်လုပ်သွားဖို့ ကြိုးစားချင်တာဖြစ်ပါတယ်။”

ယခုအချိန် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ အနားယူထားသော်လည်း ၁၇ နှစ်ပတ်လုံး အပစ်အခတ်ရပ်စဲခဲ့ ပြီးခါမှ ပြန်လည်ဖြစ်ပွားနေသော လက်ရှိပဋိပက္ခအခြေအနေတွင်လည်း ဆက်လက်၍ ငြိမ်းချမ်းရေးဖော် ဆောင်နိုင်ရေးအတွက် ပါ၀င်လှုပ်ရှားနေဆဲဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“လုပ်စရာတွေများကြီးပါ ကျမတို့ ဒီ ပဋိပက္ခငြိမ်းချမ်းအောင် လုပ်ဆောင်သွားဖို့လိုတယ်။ နိုင်ငံရေးပြဿနာ တွေဖြေရှင်းသွားကြဖို့လိုတယ်။ အဲဒါတွေပြီးလို့ရှိရင် ဒုက္ခသည်တွေ သိက္ခာရှိရှိနဲ့ သူတို့ရဲ့ကဏ္ဍအလျောက် ပေါ့နော်။

ကိုယ့်ရဲ့ဒေသကိုပြန်လာ ဒါမှမဟုတ်လို့ရှိရင်လည်း သူတို့သွားချင်တဲ့ သူတို့နေချင်တဲ့ သူတို့အခြေချချင်တဲ့ နေရာသစ်ကို အခြေချနိုင်အောင် ၀ုိင်းဝန်းပြီးမှပ့ံပိုးကူညီဖို့လိုလိမ့်မယ်။ ဒီလုပ်ငန်းတွေမှာ ကျမတတ်အား သရွေ့ပါ၀င် ကူညီဖို့လည်းလိုလားပါတယ်” ဟု ဒေါ်လဖိုင်ဆိုင်းရော်ပြောသည်။

မြန်မာနိုင်ငံမှ ကချင်တိုင်းရင်းသူဖြစ်သော ဒေါ်လဖိုင်ဆိုင်းရော်အပါအဝင် အာရှနိုင်ငံကအပြောင်းအလဲလုပ်ခဲ့ သူများအဖြစ် ဆုချီးမြှင့်ခံရသော နိုင်ငံများသည် ဖိလစ်ပိုင်နိုင်ငံ၊ အာဖဂန်နစ္စတန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် နီပေါနိုင်ငံများမှဖြစ်ပြီး အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး တို့ အသီးသီး ဆုလက်ခံခဲ့ကြသည်။

ဒေါ်လဖိုင်ဆိုင်းရော်သည် ၁၉၈၇ နှောင်းပိုင်း ကချင်ပြည်နယ် တရုတ်ပြည်နယ်စပ်တွင် ဒုက္ခသည်ခံစား နေရ သော ကချင်တိုင်းရင်းသားများနှင့် ကလေးသူငယ်များပြုစုစောင့်ရှောက်မှု၊ ပညာတဝက်တပျက်ဖြစ်နေသော ကလေးများ ဆက်လက်သင်ယူနိုင်ရန် လမ်းစရှာဖွေမှုတွင်လှုပ်ရှားခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ကချင်လွတ်မြောက် ရေးအဖွဲ့ KIO နှင့် အစိုးရ အပစ်ခတ်ရပ်စဲပြီးနောက် ဒုက္ခသည်များအတွက် ပြန်လည်နေရာချထားရေးကိစ္စအပြင် ငြိမ်းချမ်းသောဒေသများတွင် ဖွံ့ဖြိုးတိုးတက်ရေးရရှိရန် လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Most read this week