မစ္စတာနမ်ဘီးယား၏ ကချင်ပြည်နယ်ခရီးစဉ် အစိုးရနှင့် KIO ငြိမ်းချမ်းရေးအလားအလာ လေ့လာရန်ဖြစ်

မစ္စတာနမ်ဘီးယား၏ ကချင်ပြည်နယ်ခရီးစဉ် အစိုးရနှင့် KIO ငြိမ်းချမ်းရေးအလားအလာ လေ့လာရန်ဖြစ်
by -
ကေအဲန်ဂျီ

ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာဗီဂျေနမ် ဘီး ယား ကချင်ပြည်နယ်သို့ သုံးရက်တာ ခရီးစဉ်အတွင်း အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ( မြစ်ကြီးနားမြို့ တွေ့ဆုံစဉ်က) သဘောတူညီ ချက်များ လိုက်နာဆောင်ရွက်မှု အခြေအနေကို အဓိကထား ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG ပြောခွင့်ရ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

“ မေလ ၂၈-၃၀ ထိပြုလုပ်တဲ့တွေ့ဆုံဆွေးနွေးပွဲမှာ အစိုးရနဲ့ KIO ကနေပြီး နှစ်ဖက်သဘောတူညီထားတဲ့ အချက် (၇) ချက်နဲ့ပါတ်သက်ပြီး လက်တွေ့အကောင်ထည်ဖော် လုပ်ဆောင်မှု ရှိ၊ မရှိဆိုတာတွေကို သိချင်လို့ပြန်လာ ဆန်းစစ်တာလို့ဆိုပါတယ်။ တွေ့ဆုံဆွေးနွေးတုန်းကလဲ ယူအဲန်အနေနဲ့ ဗီဂျေး နမ်ဗီးယားက ပါ၀င်လေ့လာခဲ့တယ်ဆိုတော့လေ။ အစိုးရဖက်ကိုလည်း သူတို့မေးမြန်းခဲ့တယ် သူတို့ဖက်ကလည်း အဆင့်သင့် ဖြစ်ပြီ လို့သိရတယ်။ ဆိုတော့ KIO ဖက်ကလည်း ဘယ်အဆင့်အထိ ဘာတွေလုပ်နေပြီလဲဆိုတာ တွေကို သူ့အနေနဲ့ သိချင်တာတွေ ရှိတဲ့အပြင် လိုင်ဇာအနီးတဝိုက်နယ်စပ်ဒေသ ဒုက္ခသည်တွေကိုတွေ့ ဆုံချင်တဲ့အတွက် လာရောက်ခြင်းဖြစ်တယ်။”

ထိုသို့နှစ်ဖက်အဖွဲ့ကိုတွေ့ဆုံခဲ့ချိန် သဘောတူညီချက်များအရ Technical Team ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်းနှင့် ဆက်လက်တွေ့ဆုံဆွေးနွေးရန်ပြင်ဆင်လျှက်ရှိကြောင်း တင်ပြခဲ့ရာ ၀မ်းမြောက်ဝမ်းသာကြောင်း မစ္စတာ နမ်ဘီးယားပြောဆိုခဲ့သည်ဟု PCG မှ ဦးလမိုင်ဂွမ်ဂျာဆက်ပြောသည်။

“နိုင်ငံရေးကိစ္စတွေ့ဆုံဆွေးနွေးမှုသာမက ဒုက္ခသည်ကိစ္စတွေဘယ်လိုပြန်လည်နေရာချထားရေးတွေကို ဆွေးနွေး ကြတယ်။ လုပ်ငန်းပိုင်းဆိုင်ရာတွေကို ညှိနှိုင်းပြီးရင်တော့ စက်တင်ဘာကုန်ပိုင်းမှာလောက်မှာတော့ တွေ့ဆုံသွားဖို့ ပြင်ဆင်နေကြ တယ်လို့ တင်ပြတော့ မစ္စတာနမ်ဘီးယားက “၀မ်းသာတယ်၊ မြန်မာနိုင်ငံရဲ့ပြုပြင် ပြောင်းလဲမှု အထဲမှာ နှစ်ဖက်သဘော တူညီထားတဲ့ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အစိုးရဖက်ကလည်း ပြင်ဆင်ထားပြီလို့သိရတယ်။ ခင်ဗျားတို့ KIO ဖက်ကလည်း အခုလို ပြင်ဆင်ပြီး လုပ်ငန်းတွေဆက် လက် လုပ်ဆောင်နေတယ်ဆိုတာကို ကြားရတဲ့အတွက် အရမ်းကိုဝမ်းသာပါတယ်။ အခုလို ငြိမ်းချမ်းရေးဖြစ်လာအောင် နှစ်ဖက်စလုံး ယုံကြည်မှုရှိရမယ်။ နှစ်ဖက်လုံးကြိုးပမ်းရမယ် အဲဒီမှာ ပြည်သူလူထုလည်း ပါ၀င်ရမယ် အဲဒီမှာ လိုအပ်တဲ့နေရာမှာ UN အနေနဲ့လည်း တတ်နိုင်သလောက် နှစ်ဖက်လုံးကို ကူညီရပ်ပေးမယ်” ဆိုပြီး အားပေးသွားတယ်။”

UN အနေဖြင့် ပဋိက္ခဖြစ်ပွားနေသော အစိုးရနှင့် KIO ကြား နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွင် UN မှလည်း သက်သေအဖြစ် ပါ၀င်ခဲ့သောကြောင့် နှစ်ဖက်သဘောတူညီထားခဲ့သည်ကိစ္စနှင့်ပတ်သက်၍ ယခုချိန်ထိ မည်မျှအကောင် အထည်ဖော်နိုင်ခြင်းရှိ၊ မရှိအခြေအနေများကို အစဉ်စောင့်ကြည့်နေခြင်းလည်းဖြစ်ကြောင်း KIO ကိုယ်စားလှယ်များအား ပြောဆိုခဲ့သည်။

မစ္စတာဗီဂျေနမ်ဘီးယားသည် ကချင်ပြည်နယ်မြစ်ကြီးနားမြို့သို့ သြဂုတ်လ ၂၇-၂၈ အတွင်း ရောက်ရှိလာချိန် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အလုပ်အဖွဲ့ Technical Advisory Team နှင့် မြို့မိမြို့ဖ ဘာသာရေးခေါင်းဆောင်များကို အသီးသီး တွေ့ဆုံခဲ့ပြီး လိုင်ဇာဒုက္ခသည် စခန်းသို့အချိန်တိုသွားရောက်ကာ KIO ခေါင်းဆောင်များနှင့်တွေ့ဆုံပြီးနောက် မြစ်ကြီးနားမှ မန္တလေးသို့ သြဂုတ်၂၉ ရက်နေ့တွင် ပြန်လည် ထွက်ခွာသွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာဗီဂျေနမ် ဘီး ယား လာရောက်ပြီးနောက် အစိုးရနှင့် KIO ကိုယ်စားလှယ်များ ဆက်လက်တွေ့ဆုံဆွေး နွေးရန် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အလုပ်အဖွဲ့ နှစ်ဖက် Technical Team အဖွဲ့များ ညှိနှိုင်းနေဆဲဖြစ်ပြီး စက်တင်ဘာလအတွင်း တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ကြောင်း သိရသည်။

Most read this week