လိုင်ဇာတွင် တရုတ်ဘာသာစကား အမျိုးသားကောလိပ်် မကြာမီဖွင့်လှစ်မည်

လိုင်ဇာတွင် တရုတ်ဘာသာစကား အမျိုးသားကောလိပ်် မကြာမီဖွင့်လှစ်မည်
by -
ကေအဲန်ဂျီ

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်လိုင်ဇာမြို့တွင် တရုတ်ဘာသာ စာ၊ စကား အမျိုးသားကောလိပ် ကျောင်း အဖြစ် စက်တင်ဘာလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရန်ပြင်ဆင်နေပြီး လူသစ်များလည်းစာရင်းလက်ခံ နေပြီဖြစ်ကြောင်းသိရသည်။

ယခင် တရုတ်ဘာသာ သင်ကြားပေးသောကျောင်းကို ယခုနှစ်တွင် အမျိုးသားကောလိပ်အဆင့်သို့ပြောင်းလဲ ဖွင့်လှစ် လိုက်ခြင်းဖြစ်ပြီး တက်ရာက်မည့် ကျောင်းသားများ နယ်အသီးသီးမှ လိုင်ဇာမြို့ရောက် ရှိနေကြသည်။

ယခုနှစ်မှ တက်ရောက်မည့် ကျောင်းသားသစ်များကိုလည်း သြဂုတ်လ(၂၅) မှစ၍ နာမည်စာရင်းလက်ခံနေပြီ ဖြစ်ကြောင်း တရုတ်အမျိုးသားကောလိပ်ကျောင်း ဘော်ဒါအုပ် ဆရာ အောင်ဇော်လတ်ကပြောသည်။

“အခုနာမည်စာရင်းတွေကို လက်ခံနေတယ်၊ နယ်ပေါင်းစုံကကျောင်းသားတွေ လာအပ်ကြတယ်၊ အတိအကျ တော့ ဒီနှစ်ကျောင်းသားသစ်တွေက ကိုယ့်စရိတ်နဲ့ကိုယ်တက်တဲ့ ကျောင်းသားတွေများတယ်။ ခုတက်ရမဲ့ ကျောင်းသားတွေက ပထမနှစ်ကို စတက်ရမှာပါ။

ဒုတိယနှစ်ကျောင်းသားအများပိုင်းက KIO ဌာန ဆိုင်ရာအသီးသီးက လူတွေများပြီး၊ ကျောင်းသားဦးရေ အကန့်အသတ်မရှိလက်ခံသွားမယ်” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

အဆိုပါ တရုတ်ဘာသာစကား အမျိုးသားကောလိပ်တွင် ပညာသင်နှစ် ၂ နှစ်သတ်မှတ်ထားပြီး တစ်နှစ်ပတ်လုံး အတွက် ကျောင်းစာရိတ် ဝင်ကြေး တရုတ်ငွေ ယွမ် ၅၀၀၀ (မြန်မာငွေ ၈ သိန်းကျပ်ခန့်) နှင့် ဘော်ဒါဆောင်တွင် အိပ်၊ စား တရုတ်ငွေ ယွမ် ၈၅၀၀ ( မြန်မာငွေ ၁၃ သိန်းကျော်) ကျောင်းသို့ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

ထိုအမျိုးသားတရုတ်စာ၊ စကား ကောလိပ်ကျောင်းတွင် တက်ရောက်သင်ယူပြီးပါက တရုတ်နိုင်ငံရှိ ကူမင်း (Kunming) ပညာရေးတက္ကသိုလ်တွင်ဆက်လက်ပညာဆည်းပူးနိုင်မည်ဖြစ်သည်ဟု ဆရာအောင် ဇော်လတ်ကဆက်ဆိုသည်။

“၂ နှစ်လိုင်ဇာမှာ တက်ပြီးရင် တရုတ်ပြည်ကူမင်းတက္ကသိုလ်မှာကျောင်းဆက်တက်လို့ရတယ်။ ကူမင်း တက္ကသိုလ်က လိုင်ဇာကျောင်းဆိုင်ရာတာဝန်ခံ ဒါရိုက်တာ ကိုယ်တိုင်လာရောက်ကြီးကြပ်ပေးတယ်။ အဲဒီတက္ကသိုလ်ကနေ လိုင်စင်ရတဲ့ကျောင်းဆရာတွေကပဲ ဒီမှာလာသင်လို့ ရတာပါ။ ဘယ်လောက်တော်တော် တခြားက ဆရာတွေလာသင်လို့မရဘူး။ ဒီနှစ်ဆိုလို့ရှိရင် ဆရာသုံးယောက်လာမယ်။”

ဘာသာရပ်များအနေဖြင့် တရုတ်ဘာသာစကား၊ အရေး၊ အပြော၊ အဖတ်၊ ကွန်ပြူတာနှင့် အင်္ဂလိပ်စာများကိုပါ သင်ကြားပေးနေကြောင်းသိရရှိသည်။

၂၀၀၇ ခုနှစ် မှစတင်၍ တရုတ်စာ၊ စကားကျောင်းအား လိုင်ဇာမြို့တွင် နှစ်စဉ် ဖွင့်လှစ်သင်ကြားခဲ့ပြီး၊ အမျိုးသားကောလိပ်ကျောင်းအသွင် ယခုနှစ်မှစပြီး သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် အစိုးရနှင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ၄င်းတို့နယ်မြေရှိ ကျောင်းသား များကို အစိုးရနယ်မြေသို့ ပညာသင်ယူရန်အခက်ခဲရှိသောကြောင့် ကျောင်းသားများ ပညာရေးထိခိုက်မှုမဖြစ် စေရန် မိမိနယ်မြေတွင်း အဆင့်မြင့်ပညာရေးသို့ ပြောင်းလဲပို့ချပေးရန် အားထုတ်နေခြင်းလည်းဖြစ်ကြောင်း ပညာရေးပိုင်း တာဝန်ရှိသူများမှသိရသည်။

Most read this week