ကျောက်စိမ်းလုပ်ငန်းကို အကြောင်းပြပြီး စိတ်ကြွဆေးပြား ကူးသန်းသူတွေ ရှိလာ

ကျောက်စိမ်းလုပ်ငန်းကို အကြောင်းပြပြီး စိတ်ကြွဆေးပြား ကူးသန်းသူတွေ ရှိလာ
တရုတ်-မြန်မာနယ်စပ် ကျောက်စိမ်းစျေးကွက် ပျက်နေသော်လည်း ကျောက်စိမ်းထွက်ရှိရာ တာမခံ၊ ဖားကန့် ဒေသတို့တွင် ကျောက်စိမ်းလုပ်ငန်းကို ဘန်းပြလုပ်ပြီး ရာဘ စိတ်ကြွဆေးပြား ကူးသန်းရောင်းဝယ်မှုများ ရှိလာ နေကြောင်း တရုတ်နယ်စပ်မှ ကျောက်ကုန်သည်များက ပြော ...

တရုတ်-မြန်မာနယ်စပ် ကျောက်စိမ်းစျေးကွက် ပျက်နေသော်လည်း ကျောက်စိမ်းထွက်ရှိရာ တာမခံ၊ ဖားကန့် ဒေသတို့တွင် ကျောက်စိမ်းလုပ်ငန်းကို ဘန်းပြလုပ်ပြီး ရာဘ စိတ်ကြွဆေးပြား ကူးသန်းရောင်းဝယ်မှုများ ရှိလာ နေကြောင်း တရုတ်နယ်စပ်မှ ကျောက်ကုန်သည်များက ပြောသည်။

တရုတ်-မြန်မာနယ်စပ်တွင် ရာဘဆေးပြား တပြားကို ကျပ်ရှစ်ရာနှုန်းနှင့်ဝယ်ပြီး မှောင်ခိုလမ်းမှ တဆင့် ကျောက်စိမ်းတွင်းသို့ သယ်ယူကာ တပြားလျှင်ကျပ် သုံးထောင်ဖြင့် ပြန်ရောင်းချသဖြင့် အမြတ်အစွန်း များများ ရနေကြသည်ဟု တရုတ်ပြည်၊ ကျယ်ဂေါင်မှ ကျောက်ကုန်သည်တဦးက ပြောသည်။

“သူတို့က တလကို အနည်းဆုံး နှစ်ခေါက်လောက် အသွားအပြန်လုပ်လာတယ်။ ကျောက်စျေးကွက် တွေ ဒီလောက် အေးနေတာ သာမန်ဆိုရင် ဘယ်လုပ်လို့ဖြစ်မလဲ။ ဟိုကနေ ကျောက်ပြန်သယ်လာ တယ်။ စျေးပေါပေါနဲ့ ပြန်ရောင်း ငွေဖေါ်တယ်။ အရောင်း အဝယ် ကောင်းသလိုနဲ့ ပြန်ဆင်း တယ်။  ဒီမှာ ဆေးပြားတွေ ဝယ်ပြီး ပြန်ဆင်းတယ်။” ၄င်း ကျောက်ကုန်သည်က ဆက်ပြောသည်။  

နယ်စပ်မှောင်ခိုသယ်သည့် လမ်းများမှတဆင့် ဗန်းမော်သို့လည်းကောင်း၊ ယင်းမှတဆင့် ကျောက်စိမ်းတွင်းသို့ လည်းကောင်း သယ်နေကြပြီး အပြန်တွင် ကျောက်စိမ်းများကို ဝယ်ယူကာ တရုတ်-မြန်မာနယ်စပ် ကျောက်စျေး ကွက်တွင် ပြန်လည်ရောင်းသည်ဟု အခြားကျောက်ကုန်သည် တဦးက ပြောသည်။

“ ကျောက်ချည်းသက်သက်လုပ်တဲ့သူတွေက သူတို့နဲ့ သွားယှဉ်ပြီးလုပ်လို့မရတော့ဘူး။ ငွေမဲတွေကို ကျောက်စိမ်းလောကထဲဝင်ပြီး လုပ်တာ။ လုပ်တဲ့သူတွေကလည်း အရင်က ကျောက်လုပ်ဖူးတဲ့ သူတွေပဲလေ။ လုပ်ရ ကိုင်ရ ကျပ်လာတော့ လိုင်းပြောင်းသွားတာပေါ့။ ကျနော်သိတာ သုံး-လေး ယောက် လောက်ရှိတယ်။ အဲလို လိုင်းကူးသွားတာ။” ဟု ပြောသည်။  

မှောင်ခိုလမ်းကြောင်းမှတဆင့် တရုတ်ကုန်ပစ္စည်းများနှင့်ရောပြီး သယ်ယူကာ လမ်းခရီး တွင်လည်း လာဘ်ငွေ ပေးပြီး ဖြတ်သွားနေသဖြင့် ယခုအထိ အဆိုပါ ကျောက်ကုန်သည် များထံက မူးယစ်ဆေးဝါး ဖမ်းဆီးမှု သတင်း မကြားရသေးကြောင်း အဆိုပါ ကုန်သည်က ပြောသည်။

တရုတ်-မြန်မာ ကျောက်စိမ်းစျေးကွက်တွင် တရုတ်ပြည်တွင်းမှ ဝယ်လိုအားနည်းနေသလို မြန်မာကျပ်ငွေ တန်ဘိုး တက်နေမှုကြောင့် ကျောက်စိမ်းစျေးကွက်မှာ ဆိုးဆိုးဝါးဝါး ကျဆင်းနေသည်။  

Most read this week