တိုက်ပွဲများ ဆက်လက်တင်း မာပါက နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု တွင် ထိခိုက်နိုင်

တိုက်ပွဲများ ဆက်လက်တင်း မာပါက နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု တွင် ထိခိုက်နိုင်
by -
ကေအဲန်ဂျီ

ကချင်ဒေသ အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လာပါက ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုပေါ် တိုက်ရိုက်ထိခိုက်လာ စေနိုင်သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တွေ့ဆုံဆွေးနွေးရေးခေါင်းဆောင် ဆရာကြီးဆွမ်လွတ်ဂမ်က ပြောသည်။

“မေလတွင်း မြစ်ကြီးနားမှာ ဆွေးနွေးခဲ့ချိန်က တိုက်ပွဲတွေလျှော့သွားမယ်။ အပစ်ရပ် လက်မှတ်ထိုးတာတော့ မဟုတ်ဘူးပေါ့နော်။ ဒါပေမယ့် တိုက်ပွဲတဖြည်းဖြည်းငြိမ်သက်အောင် လုပ်သွားမယ်။ တိုက်ပွဲမဖြစ်အောင် ထိန်းသိမ်းသွားမယ် ဆိုတဲ့အချက်ပါတယ်။ အခုအဲဒါကိုလိုက်နာရမှာပါ ကျွန်တော်တို့ဖက်ကလည်း တတ်နိုင် သလောက်လိုက်နာတယ်။ သူတို့ဖက်ကပဲ ဟိုဘက်တိုက်လိုက် ဒီဘက်တိုက်လိုက်ဖြစ်နေတာပေါ့။ အဲဒါသူတို့ ဖက်က တပ်မဟာ (၄) ဖက်ကို မလိုက်နာတဲ့ သဘောပေါ့။ ဒါကြောင့် တွေ့ဆုံဆွေးနွေးမှုကို ထိခိုက် လာနိုင်တာပါ။”

နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွင် နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားရန်၊ ပစ်ခတ်တိုက်ခိုက်မှုများ လျော့ချခြင်း၊ တိုက်ပွဲထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်သွားရန်၊ နယ်မြေလုံခြံုရေးအရ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များကိုညှိနှိုင်း ဆောင်ရွက်သွားရန်နှင့် တပ်ပိုင်းဆိုင်ရာတပ်နေရာချထားမှုများ ညှိနှိုင်းဆောင်ရွက်သွားရန်တို့ကို သဘောတူညီ ခဲ့ခြင်းဖြစ်သည်။

အဆိုပါသဘောတူညီချက်များကို နှစ်ဖက်လိုက်နာဆောင်ရွက်ရန်ဖြစ်သော်လည်း ယခုလ သြဂုတ်လ အစောပိုင်းမှှ တိုက်ပွဲများသည် ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ (၄) နှင့် လလယ်ပိုင်းတွင်မူ ဦးဇခုန်တိန့်ယိန်းအဖွဲ့ နယ်ခြားစောင့်တပ်နှင့်အစိုးရပူးပေါင်းထိုးစစ်ဆင်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်။

နှစ်ဖက်ကိုယ်စားလှယ်များ ဆွေးနွေးမှုရှိနေကြသည့်အချိန်အတွင်း ဆက်လက်တင်းမာနေသော စစ်ရေး အခြေအနေများကို ထိန်းသိမ်းနိုင်ရန် တိုက်ပွဲဖြစ်ပွားနေချိန် (သို့) တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက် ဖုန်းဖြင့် ဆက်သွယ်မှုများရှိခဲ့ကြောင်း သိရသည်။

ထိုကြောင့် ဆက်လက်၍နှစ်ဖက်ဆက်ဆံရေး ထိခိုက်နိုင်သည့် စစ်ရေးတင်းမာမှုများ သဘောတူ ငြိမ်သက်စေလိုကြောင်း ဆရာကြီးဆွမ်လွတ်ဂမ် KNG ကချင်သတင်းဌာနသို့ပြောသည်။

“ဒီဟာကြောင့်အချင်းချင်း ယုံကြည်မှုတွေ အားထားမှုတွေကိုထိခိုက်နိုင်တယ်လို့ အကြောင်းကြားကြတယ်။ ဟိုတခါ မေလ ဆွေးနွေးနေတဲ့ အချိန်မှာကို ရှမ်းပြည်မြောက်ပိုင်းဖက်မှာ အစိုးရတပ်တွေ လာထိုးစစ်ဆင်တယ်။
အဲဒါကိုလည်း နောက် တနေ့မှာပဲ အစိုးရကိုယ်စားလှယ်တွေကို မြစ်ကြီးနားမှာတွေ့ဆုံပြီး ကောင်းကောင်း ဆွေးနွေးခဲ့တာဖြစ်တယ်။ တခြားအချိန်တွေ့ဆုံမှု မရှိတဲ့ အချိန်မှာလည်း စာနဲ့ အကြောင်းကြားတာတွေကို လုပ်နေကြပါတယ်။အချင်းချင်းပိုပြီး အယုံအကြည်ရှိ လာအောင် ထိခိုက်မှု မရှိအောင် လုပ်နေတာ တွေတော့ရှိပါတယ်။”

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ “ဇွန်လအတွင်း အလုံးစုံအပစ်ခတ်ရပ်စဲရေးနှင့် ဇူလိုင်လအတွင်း တပြည်လုံး အတိုင်းအတာ အပစ်ခတ်ရပ်စဲရေးပြုလုပ်မည်” ဟုပြောဆိုခဲ့သည့်အတိုင်း အစိုးရဖက်မှ အပစ်ရပ်သွားလျင် အပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးရန်ညှိနှိုင်းစရာမလိုပဲ တည်ငြိမ်သွားမည်ဟု KIO မျှော်လင့်သည်။

နှစ်ဖက်သဘောတူချက်များထဲမှ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အလုပ်အဖွဲ့ Technical Advisory Team ကိုမူ တရားဝင်ဖော်ဆောင်နိုင်ခဲ့ပြီး ယခုချိန် ၄င်းအဖွဲ့များသည် ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် အလုပ်အဖွဲ့ အခန်းကဏ္ဍတာဝန်ဝတ္တရားများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးမှုများပြုလုပ်နေဆဲဖြစ်ကြောင်းသိရသည်။

အဆိုပါ အလုပ်အဖွဲ့မှလည်း အစိုးရတပ်နှင့် KIA တိုက်ပွဲများငြိမ်သက်သွားပါက နှစ်ဖက်ဆွေးနွေးမှုနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးတွင် မြန်ဆန်သွက်လက်လာစေရန် နည်းပညာအကြံပေးမှုများကို ပြင်ဆင် သွားမည်ဖြစ်ကြောင်း လူမှုအဖွဲ့မှသိရသည်။

Most read this week