မြန်မာအလုပ်သမား နေအိမ် မီးရှို့ခံရ၊ ရာချီ တောထဲ ထွက်ပြေး

မြန်မာအလုပ်သမား နေအိမ် မီးရှို့ခံရ၊ ရာချီ တောထဲ ထွက်ပြေး
by -
ခွန်အောင်မြတ်
ထိုင်းနယ်စပ် မဲဆောက်မြို့ တောင်ဖက် ဖုတ်ဖရမြို့နယ်တွင်းရှိ မြန်မာအလုပ်သမား နေအိမ်များကို ထိုင်းနယ်ခြား စောင့်တပ်က မီးရှို့ဖျက်ဆီးလိုက်သဖြင့် အလုပ်သမား ရာနှင့်ချီ တောထဲသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။ ဖုတ်ဖရမြို့နယ် ၄၄ ကီလိုမီတာကျေးရွာရှိ ၀ါးတော၊ ငှက်ပျောတောစသည့် ...

ထိုင်းနယ်စပ် မဲဆောက်မြို့ တောင်ဖက် ဖုတ်ဖရမြို့နယ်တွင်းရှိ မြန်မာအလုပ်သမား နေအိမ်များကို ထိုင်းနယ်ခြား စောင့်တပ်က မီးရှို့ဖျက်ဆီးလိုက်သဖြင့် အလုပ်သမား ရာနှင့်ချီ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဖုတ်ဖရမြို့နယ် ၄၄ ကီလိုမီတာကျေးရွာရှိ ၀ါးတော၊ ငှက်ပျောတောစသည့် ၀န်းရှိ တောင်ယာအလုပ်သမားများ နေထိုင်သည့်နေအိမ်များကို ယမန်နေ့က ထိုင်းနယ်ခြား စောင့်တပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ သည်ဟု ဒို့မိတ်ဆွေ ကျောင်းမှ မျက်မြင်တွေ့ခဲ့သည့် ကျောင်းဆရာတဦးက ပြောသည်။

“၀ါးရုံတောထဲကျတော့ ၀င်သွားပြီးတော့ အဲဒီဘက်က အိမ်တွေကို အကုန်လုံး သူတို့မီးရှို့ သွားတယ်။ လူမနေတဲ့ အိမ်တွေပေါ့လေ။ တချို့ကလည်း အဲဒီကလူတွေက ဟိုး စမ်းချောင်း ဘက်မှာ သွားပြောင်း ပြီး နေကြရတာကိုး သူဌေးက သွားထားတာ။ ဖြိုခံထား၊ ဖျက်ခံထားရ တာကိုး အောက်က လူမရှိတဲ့ အိမ်တွေကို အကုန်လုံး မီးရှို့သွားတယ်။ အိုင်အာစီ ဆိုင်းပုဒ် ကိုလည်း တွန်းလဲပြီး မီးရှို့သွားတယ်။ အဲဒီဝါးတောနဲ့ ကွင်းလေးတကွင်းပဲပေါ့နော် ခြားတဲ့ ဟိုးဘက် ငှက်ပျောတောဝင်းကိုလည်း ၀င်သွားပြီး တော့ အဲဒီဘက်ကလူတွေလည်း တော်တော်များများ ထွက်ပြေးသွားကြတာပေါ့နော်။ အဲဒီနားက ဒေါင့်က အိမ်လေးတအိမ် ကိုလည်း ထပ်ပြီး မီးထပ်ရှို့ပြီးတော့မှပဲ ပြန်ထွက်သွားတယ်။”

ထိုင်းနယ်ခြားစောင့်တပ်က အလုပ်သမားလက်မှတ်ရှိသူများ၏ နေအိမ်များကို နေထိုင်ခွင့် ပြုပြီး ထွက်ပြေးနေ သည့် အလုပ်သမားများက နေအိမ်အသစ် ပြန်လည်ပြုပြင် နေထိုင်၍ မရနိုင်အောင် မီးရှို့လိုက်ခြင်းဖြစ်သည်ဟု ပြောဆိုကြောင်း ဆရာ ကိုညိုမောင်က ပြောသည်။

“ဘာပဲ ပြောပြော သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေကို ကြည့်ရတာ လက်ရှိ ဘတ်(အလုပ်သမား လက်မှတ်) ရှိတဲ့လူရော ဘတ်မရှိတဲ့လူကော မြန်မာနို်င်ငံသား မှန်ရင် ဒီကနေ စိတ်ပျက်ပြီး တော့ မြန်မာနိုင်ငံကို မြန်မြန်ပြန်အောင် လုပ်နေတဲ့ သဘောလို့ ကျနော်ကတော့ အဲအတိုင်း မြင်တော့တယ်။”

ကျွန်းတောကျေးရွာရှိ မြန်မာအလုပ်သမား ကလေးငယ်အတွက် ဖွင့်လှစ်ထားသည့် ဒို့မိတ်ဆွေ စာသင်ကျောင်း နှင့် အနီးဝန်းကျင်ရှိ နေအိမ်များကိုမူမီးရှို့ဖျက်ဆီးခံရခြင်း မရှိသော်လည်း စာသင်ကျောင်းကိုမူ ခေတ္တပိတ်ထားရ သည်ဟု ၎င်းက ဆက်ပြောသည်။

“ဒီနေ့ဆိုရင် အလုပ်သမားတွေ အလုပ်မဆင်းကြဘူး သူတို့။ ကျနော်တို့ ကျောင်းနောက် ဖေးက အုပ်စုတွေ ဘာတွေဆိုရင် အကုန်လုံး သူတို့ အိမ်တွေက ထားပြီးတော့ အကုန်လုံး ထွက်ပြေး နေကြတယ်။ ဘယ်နေရာတွေမှာ သွားရှောင်ကြမလဲဆိုတော့ မပြောတတ်ဘူးပေါ့ နော်။ ညတုန်းက တောင်မှ သူတို့အိမ်တွေမှာ အိပ်ကြဘူး။ တောထဲတွေမှာပဲ လျှောက်အိပ် နေကြတယ်။ ကျောင်းသား တွေရော နို့စို့ကလေးတွေရော တော်တော်များများပဲ အဲဒီမှာ။ အလုပ်သမားတွေကတော့ ရာနဲ့ချီ ရှိတယ်။ ဒါတောင်မှ ကျနော်တို့ လက်လှမ်းမီတဲ့ နေရာတွေနော် အဲဒီလိုပဲ အလားတူ ဖြစ်နေတဲ့ လူမျိုး တွေ အများကြီး ရှိသေးတယ်၊ နေရာတိုင်း နေရာတိုင်းမှာ။”

ယခုလ ၁၅ ရက် စနေနေ့တွင်လည်း ၄၈ ကီလိုမီတာ ကျေးရွာရှိ စိုက်လုပ်ခြံဝိုင်းတွင် အလုပ်သမား ၁၅၀ ကျော် ဖမ်းဆီးသွားသဖြင့် ယင်းဒေသရှိ ရာနှင့်ချီရှိသည့် အလုပ်သမားများကို အလုပ်ရှင်က တောင်ထဲသို့ ရှောင်ပုန်း ခိုင်းပြီး အလုပ်ဆင်းချိန်မှ ပြန်ခေါ်လာသည်ဟု တောင်ယာအလုပ်သမားများက ပြောသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းနှင့် ယခုနှစ် ဇန္နဝါရီ လလယ်ပိုင်းတွင်လည်း ၀ါးတောဝန်းရှိ အိမ်ရှည်တရာကျော်ရှိရာမှ ၄၀ ကျော် ဖျက်ဆီးခံခဲ့ရပြီး လူပေါင်း ၁၅၀ ကျော် တောထဲသို့ ယနေ့ထိ ထွက်ပြေးတိမ်း ရှောင်နေကြရသည်။

Most read this week