ထိန်းသိမ်းရေးစခန်းတွင် မြန်မာနို်င်ငံသား သုံးဦးထွက်ပြေး၊ အခြားသူများအတွက် စိုးရိမ်ရ

ထိန်းသိမ်းရေးစခန်းတွင် မြန်မာနို်င်ငံသား သုံးဦးထွက်ပြေး၊ အခြားသူများအတွက် စိုးရိမ်ရ
by -
သီတာထွန်း
မလေးရှားနိုင်ငံရှိ လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းစခန်း တခုမှ မြန်မာနိုင်ငံသား (၃)ဦး ယမန်နေ့က ထွက်ပြေးသွား သဖြင့် မြန်မာနိုင်ငံသားများအတွက် စိုးရိမ်သည်ဟု မြန်မာအလုပ်သမား ကာကွယ်ပေးရေး ကော်မတီက ပြောသည်။ ယမန်နေ့က ထွက်ပြေးသွားသည့် မြန်မာနိုင်ငံသားများနှင့် ပတ်သက်၍ ...

မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းစခန်းတခုမှ မြန်မာနိုင်ငံသား (၃)ဦး ယမန်နေ့က ထွက်ပြေးသွား သဖြင့် မြန်မာနိုင်ငံသားများအတွက် စိုးရိမ်သည်ဟု မြန်မာအလုပ်သမား ကာကွယ်ပေးရေးကော်မတီက ပြောသည်။

ယမန်နေ့က ထွက်ပြေးသွားသည့် မြန်မာနိုင်ငံသားများနှင့် ပတ်သက်၍ မြန်မာ အလုပ်သမား ကာကွယ်ပေးရေး ကော်မတီ၏ အတွင်းရေးမှူး ကိုရဲမင်းထွန်းက ယခုလို ပြောသည်။

“အခုထွက်ပြေးသွားတာ ဗီယက်နမ်တယောက်ပါ ပါတယ်၊ ဗီယက်နမ်ကလည်း လောလောဆယ် မလေးရှားမှာ လူဆိုးစာရင်းဝင်နေတယ်၊ ဘယ်လို၀င်နေလည်းဆိုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဗီယက် နမ် ငါးဦးကို  ပီနန်းနယ်ဖက်မှာ မလေးရဲက ပစ်သတ်တာ ငါးဦးလုံး ပွဲချင်းပြီးသေသွားတယ်၊ ဓါးပြ တိုက်လို့။ မြန်မာလူမျိုး သုံးဦးနဲ့ ဗီယက်နမ်တဦးတွဲပြီး ထွက်ပြေးသွားတယ်ဆိုတော့ ဆိုးတာပေါ့ဗျာ။”

ဗီယက်နမ်လူမျိုး (၁) ဦးအပါအဝင်၊ မြန်မာနိုင်ငံသား (၃) ဦးတို့သည် မလေးရှားနိုင်ငံ ဆရန်ဘန်း (Saramban)မြို့နယ်ရှိ လင််း(င)ဂင််း(Lenggeng)လူဝင်မှုကြီးကြပ်ရေးထိန်း သိမ်းစခန်းမှ ထွက်ပြေးသွားခဲ့သည်။

ထိန်းသိမ်းရေး စခန်းအတွင်းတွင် အစားအသောက်နှင့် ထိန်းသိမ်းခံလူများကို အာဏာပိုင် များ၏ ဆက်ဆံပုံမှာ အလွန်ဆိုးရွားသောကြောင့် ထွက်ပြေးခြင်းဖြစ်နိုင်သည်ဟု ယင်းစခန်း များတွင်် ထိန်းသိမ်းခံခဲ့ရဖူးသူ ကိုထွန်းတင် က သုံးသပ်သည်။

“အစားအသောက်ကလည်း မကောင်းဘူးခင်ဗျ၊ ငါးခြောက်ကို အဓိကထားကျွေးတယ်၊ ဒီနိုင်ငံမှာ ဘယ်နေရာမှမသုံးဘူး အဲဒီငါးတွေက၊ အဲဒီဟာကို ငါးခြောက်တွေကျွေးတယ်၊ ငါးခြောက်ကလည်း တခြမ်းပဲရမယ်၊ ဗူးသီးကို အရင့်အထော်တွေကို ပြုတ်ပြီးသားအရည်ကို နည်းနည်းလေး ခွက်ထဲမှာပါမယ်၊ အဲဒါလေးနဲ့စားရတယ်၊ မတရားအနှိပ်ကွပ် ခံရတယ်၊ နေတာထိုင်တာကို မျက်စိနဲ့မကျဘူးဆိုရင် သူတို့ဘာလုပ်လဲ၊ ဘာမှအပြစ်ရှိရှိ မရှိရှိ ခေါ်တင်သွားတယ် အပေါ်ကို၊ အပေါ်ရောက်ရင် မေးတယ်မြန်းတယ် မေးလို့မရရင် ရိုက်တယ်။”

ရိုက်ရာတွင် လက်ထိပ်နောက်ပြန်ခတ်၍ ခေါက်ထားသောပိုက်လုံးဖြင့် ရိုက်နှက်ခြင်းဖြစ်ပြီး ရိုက်နှက်ပြီးပါကလည်း ဒဏ်ရာများကို ဆေးကုသပေးခြင်းမပြုဘဲ ပစ်ထားသည်ဟု ကိုထွန်းတင်က ဆက်ပြောသည်။

ထွက်ပြေးသူများကို အာဏာပိုင်များ ပြန်၍ဖမ်းဆီးမိပါက ရိုက်နှက်တတ်ပြီး လွန်ခဲ့သည့် ၂၀၀၅ ခုနှစ် ကလည်း ထွက်ပြေးသည့် မြန်မာနိုင်ငံသားတဦး စခန်းအာဏာပိုင်များ၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သည်ဟု ကိုရဲမင်းထွန်းက ပြောသည်။

မလေးရှားနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းစခန်း (၉) ခုရှိပြီး စခန်းအာဏာပိုင်များ လာဘ်စားမှုနှင့် စခန်းတွင်း အစားအသောက်ညံဖျင်းမှု၊ မတရားနှိပ်စက်မှုများကြောင့် ယခုစခန်းတွင်ပင် ၂၀၀၇ ခုနှစ်ကလည်း မြန်မာလူမျိုးများ မီးရှို့ဆန္ဒပြမှု ပြုလုပ်ခဲ့သေး သည်။

Most read this week