ဂျေယန့်ဒုက္ခသည်ကျောင်း ၂နှစ်ပြည့်ချိန် ကျောင်းအုပ်ဆရာ ဦးခွန်ဆန်နှင့် မေးမြန်းခြင်း

ဂျေယန့်ဒုက္ခသည်ကျောင်း ၂နှစ်ပြည့်ချိန် ကျောင်းအုပ်ဆရာ ဦးခွန်ဆန်နှင့် မေးမြန်းခြင်း
by -
ကချင်သတင်းဌာန

စစ်ကြောင့် တရုတ်နယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့သို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရသော ဒုက္ခသည်ကလေးများ အတွက် ပညာရေးနစ်နာမှုမရှိစေရန် ဂျေယန့်ဒုက္ခသည်စခန်းတွင်
ကျောင်းတရားဝင်ဖွင့်လှစ်သင်ကြားပေးနေသည်မှာ သြဂုတ်လ(၂၅) ရက်နေ့တွင် ၂ နှစ်ပြည့်ပြီဖြစ်သည်။ ဂျေယန့် ဒုက္ခသည်စခန်းကျောင်းက ပညာရေးဖွဲ့စည်းမှုအတွေ့အကြုံများနှင့် ကျောင်း၏ အခက်ခဲ အခြေနေများကို ကျောင်းအုပ်ဆရာ ဦးခွန်ဆန်အား KNG ကချင်သတင်းဌာနမှ ထွယ်ဆန် (Htoi San) ဆက်သွယ်မေးမြန်း ထားသည်။

မေး။   ။ ကျောင်းကိုဘယ်လို စတင်ဖွင့်လှစ်သင်ကြားခဲ့တာလဲ။
“၂၀၁၁ ခုနှစ် KIOနဲ့ မြန်မာအစိုးရတပ်တွေ စစ်စဖြစ်တော့ လိုင်ဇာပတ်ဝန်းကျင်မှာရှိတဲ့ မိဘပြည်သူများ စစ်တိမ်းရှောင်ထွက်ပြေးလာပြီး လိုင်ဇာမြို့အတွင်း နေရာချထားပေးဖို့ အဆင်မပြေတော့
ဒီနေရာလေးကိုရွေးကြတာ။ ဂျေယန့်စခန်းမှာ စု၊  ဇွန်လိုင်လကနေရာချထားရေးလုပ်ပြီး အိမ်ထောင်စု ၄၉ ကျော် စတင်ရွှေ့ပြောင်းလာတယ်။ အဲဒီထဲကျောင်းသားတွေလည်းပါတယ်။ တစ်နေ့ထက်တစ်နေ့
လူတိုးလာတယ်။ ပြီးတော့ ကျောင်းဖွင့် ဖို့စီမံကိန်းချနာမည်စာရင်းသွင်းကြတော့ ကလေး (၂၀၀) ကျော်သွားတဲ့အတွက  အခြေခံပညာရေး အောက်ဆင့် သူငယ်တန်းကနေ ဒုတိယတန်းထိဖွင့်ဖို့ရည်ရွယ်တယ်။
သို့သော် ကျောင်းသားအင်အားကများတော့ စတုတ္ထတန်းထိပြန် ပြီး စီစဉ်တယ်။ ကျောင်းအုပ်အဖြစ် KIO အလယ်တန်းကျောင်းအုပ်ကို ယခင်ကျောင်းကနေ ရွှေ့ပြောင်းပြီး တာဝန်ပေးခန့်အပ်တယ်။
အတန်းကြီးတွေများလာတော့ ပြန်ပြီးကျောင်းအုပ် အသစ်ထပ်မံခန့် အပ်ပြန်တယ်။”

မေး။   ။ ကျောင်းကိုဘယ်လိုပုံစံ ဖွဲ့စည်းထားပါသလဲရှင့်။
၂၀၁၁ -၂၀၁၂ ပညာသင်နှစ်မှာကျောင်းသားဦးရေ ၁၀၉၇ ရှိတယ်။ လာမည့်နှစ်အတွက် ကျောင်းသားဦးရေ ၁၆၀၀ ခန့် မှန်းတယ်။ သို့သော်လက်တွေ့မှာ ကျောင်းသားဦးရေ ၂၀၀၀ နီးပါးရှိသွားပြီး စာသင်ခန်းမလုံလောက် တဲ့ အခက်အခဲနဲ့ ကြံုတွေ့ရတော့ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်ကို စာသင်ချိန်သုံးချိန်ခွဲသင်လိုက်ရတယ်။ သူငယ်တန်းနဲ့ ပထမတန်းကို မနက်(၇)နာရီမှ (၁၁)ခွဲထိ၊ ဒုတိယတန်းမှ စတုတ္ထတန်းထိကိုနေ့လည်(၁၂)နာရီ ကနေ ညနေပိုင်း(၅) ချိန်ထိ၊ အလယ်တန်းမှ  အဋ္ဌမတန်းထိ ကျောင်းနေရာမလုံလောက်တာကြောင့် လူနေဖို့ ဆောက်လုပ်ထားတဲ့စခန်းအိမ်ယာမှာ သွားပြီး စာသင်တယ်။  မနက် (၈)နာရီခွဲကနေ ညနေပိုင်း(၃)နာရီခွဲထိ သင်ကြားရတယ်။ ဒီမှာကကျောင်းသားဦးရေများတော့ထိန်းချူပ်နိုင်အောင် သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း ကျောင်းသားတွေကို တာဝန်ယူတဲ့ဆရာတစ်ဦးစီအသီးသီးခန့်ထားတယ်။ တတိယတန်းနဲ့စတုတ္ထတန်း  တစ်ဦး ပြီးတော့ မူလတန်းကျောင်းသား အားလုံးကို တာဝန်ယူကြည့်ရှုတဲ့ဆရာ တစ်ဦး၊ အထက်တန်း တွေကို ကျတော့ကျောင်း စာရေးတွေနဲ့ကြည့်သွား တယ်။

မေး။   ။ ဂျေယန့်ဒုက္ခသည် စခန်းမှာ သင်ပြပေးနေတဲ့ဆရာတွေက အခြေအနေဘယ်လိုရှိပါသလဲ။
ဒီမှာသင်ကြားပေးနေတဲ့ ဆရာ အမျိုးအစားက သုံးမျိုးရှိတယ်လို့ပြောရမှာပေါ့။ အစိုးရကနေ ခန့်အပ်တဲ့ ဆရာ တွေ၊ စစ်ရှောင်စခန်းမှာရောက်ရှိနေတဲ့ကျောင်းဆရာတွေ၊ ပြီးတော့ volunteer၊၊ သာသနာပြုအဖွဲ့ကစေ လွှတ်တဲ့စေသနာ့ဝန်ထမ်းများ၊ ရပ်ဝေးဒေသကလူငယ်များ ဖြစ်ပါတယ်။ တချို့ဆရာတွေက တစ်လ၊ နှစ်လ အားလပ်လို့လာကူကြတာတွေလည်းရှိပါတယ်။ ဘယ်လိုအခြေအနေပဲရှိရှိ ပညာသင်တစ်နှစ်ကိုတော့ ကောင်းမွန်စွာနဲ့ ဖြတ်သန်းခဲ့ပါတယ်။

မေး။   ။ ဒုက္ခသည်စခန်းကျောင်းမှာ ဘာသာရပ်ကိုရော ဘာတွေပို့ချပေးနေပါသလဲ။
အဓိကဘာသာရပ်အနေနဲ့ဒီမှာလည်း မြန်မာအစိုးရပညာရေးဝန်ကြီးဌာန ထုတ်စာအုပ်တွေကို အသုံးပြုပါတယ်။ အသုံးပြုတယ်ဆိုပေမဲ့လည်း ကျွန်တော်တို့ မတိုက်ဆိုင်တာတို့ ဥပမာပြောရရင် သမိုင်းဘာသာရပ်မှာ အနော်ရထာတို့၊ ရွှေတိဂုံစေတီတော်အကြောင်းတို့ ဒါတင်မကဘူး။ ကျွန်တော်တို့နဲ့အယူအဆချင်း မတူတာအားလုံး အရေးမကြီးတာတွေကို မသင်တော့ဘူး။ ထပ်ဖြည့်ဘာသာရပ် အနေနဲ့ ကချင်ဘာသာ၊ တရုတ်စာကို တတ်နိုင်သလောက် ဆရာရှိရင်ရှိသလိုသင်ကြားပေးတယ်။

မေး။    ။ ပညာရေးအဆင့်ကိုလည်း အခြေအနေဘယ်လိုရှိတယ်ဆိုတာ ပြောပြပါအုံး။
တစ်ဖက်ကနေ ကြည့်ရင်တော့ ပညာအရည်အချင်းတိုးတက်လာတယ်လို့ ထင်မြင်တယ်။ ကျေးလက်၊ ကျေးရွာ ကျောင်းမှာ ပေါ့ပေါ့ဆဆနဲ့ပညာသင်နှစ်ကို ဖြတ်သန်းနိုင်တယ်၊ မအောင်မနေရ စနစ်တွေနဲ့အောင်ပေးလိုက် တာတို့ ရှိတယ်။ ဒီမှာ ကေအိုင်အို၊  မြန်မာအစိုးရကျောင်းတွေကနေ ပြောင်းရွှေ့လာတဲ့ ကျောင်းသားပေါင်းစုံကို ကြည့်လိုက်တော့ ဘယ်ကျောင်းမှာ ဘယ်လိုသင်ကြားတယ် ဆိုတာကို ရှင်းရှင်းလင်းလင်းသိနိုင်တယ်။ ကျေးလက် ဒေသ ၅၀ ကျော်ကနေလူတွေစုပေါင်းနေထိုုင်တော့ ပညာရေးကိုဘယ်လို ကောင်းမွန် အောင် ဆောင်ရွက်မယ် ဆိုတာကို နည်းလမ်းတွေရှာတယ်။ တစ်ပတ်မှာ သောကြာနေ့ ပုံမှန်အစည်းအဝေး လုပ်ပြီး သင်ကြားနည်းစနစ် သစ်တွေ လေ့လာ ရှာဖွေတယ်။ လာမယ့်၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှာ အခြေခံကောင်းမွန်တဲ့ ပညာရေးကို ရရှိ ဖို့အစီအစဉ်ရှိပါတယ်။

မေး။    ။ ကျောင်းနဲ့ပတ်သက်ပြီး အမြဲတွေ့ကြံုနေရတဲ့ အခက်အခဲရှိရင်လည်းပြောပါအုံး။
၂၀၁၁ ခုနှစ်မှာ ကျောင်းသား ၁၀၉၇ ဦးထိရှိလာတယ်။ ဒါကိုမူလွန်ကျောင်းဆိုပြီး ဆဋ္ဌမတန်းထိဖွင့်တယ်။ အခြေအနေအရကျောင်းသားထပ်မံတိုးဖို့ရှိလာတော့ KIO အစိုးရကနေ အဋ္ဌမတန်းထိ တိုးချဲ့ဖွင့် လှစ်နိုင်ပြီး မူဝါဒပိုင်းကို ပညာရေးဌာနက နေညွှန်ကြားပြီးကျောင်းလုပ်ငန်း တွေကို ဆောင်ရွက်တယ်။ အစိုးရကျောင်း ဆရာတွေလွတ်ပေးပြီး သူတို့ကလခထောက်ပံ့ပေးတယ်။ လက်တွေ့ စခန်းကျောင်းလိုအပ်ချက် အသေးသုံး အကြီးသုံးကိုတော့ IRRC ဗဟိုဒုက္ခသည် ကူညီရေး အသင်းကနေ အဓိကတာဝန်ယူ ဆောင်ရွက်ပေး တယ်။ ဆရာမလောက်တော့ စေသနာ့ဝန်ထမ်းတွေ ခေါ်တယ်။

Most read this week