စစ်ရေးတင်းမာမှု ဆက်လက်ဖြစ်ပွား ငြိမ်းချမ်းရေးဖော်ဆောင်ရန် ကြန့်ကြာ

စစ်ရေးတင်းမာမှု ဆက်လက်ဖြစ်ပွား ငြိမ်းချမ်းရေးဖော်ဆောင်ရန် ကြန့်ကြာ
by -
ကချင်သတင်းဌာန

နိုင်ငံတော်အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား လက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံး ဖြေရှင်းနိုင်ရန် နှစ်ဖက်အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်းခဲ့ချိန် စစ်ရေးလျှော့ချရန် သဘောတူညီ ခဲ့သော်လည်း ရှေ့တန်းစစ်မြေပြင်တွင် ဆက်လက်ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် နှစ်ဖက်ငြိမ်းချမ်းရေးဆွေးနွေးမှု  အကောင်အထည်ဖော်ရန် ကြန့်ကြာကြောင်း စုံစမ်းသိရှိရပါသည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအမြန်ဆုံးအကောင်ထည်ဖော်နိုင်ရန် မကြာသေးမီက နှစ်ဖက်ဆွေးနွေးပွဲ သဘောတူညီချက်ထဲမှ တချက်ဖြစ်သော အလုပ်အဖွဲ့ Technical Team ဖွဲ့စည်းခြင်းကို တရားဝင်သဘော တူညီမှုဖြင့်ပြည့်စုံစေခဲ့သော်လည်း တဆက်တည်း ရှေ့တန်းတွင် နှစ်ဖက်တိုက်ပွဲများဖြင့် တင်းမာနေပါသည်။

burma-army-july-12-2013

ထို့ကြောင့် ယခုချိန်တွင် ငြိမ်းချမ်းရေးအမြန်ဆုံးအကောင်ထည်ဖော်ဆောင်ရွက်ရန် နှစ်ဖက်တွေ့ဆုံမည့်ကိစ္စ တုံ့ပြန်မှုတစုံတရာ မတွေ့ရသေးပဲ ငြိမ်သက်နေဆဲဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

“ခုလောလောဆယ် တခြားတိုးတက်မှုတော့ ကျွန်တော်တို့ပြောလို့မရသေးဘူး။ ဒါပေမယ့် နှစ်ဦးနှစ်ဖက် သဘောတူညီချက် လက်မှတ်ရေးထိုးထားတဲ့ပေါ်မှာ အကောင်ထည်ဖော်တဲ့ကဏ္ဍအနေနဲ့တော့ဝမ်းသာ ပါတယ်။  အခုလောလောဆယ် နိုင်ငံတော်အစိုးရနဲ့ KIO တို့ရဲ့ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးမှုအခြေ အနေက အခုချိန်ထိဘာမှ ဃဃဏဏ မသိရသေးဘူးဗျ။ ဘာပဲဖြစ်ဖြစ် နိုင်ငံတော်အစိုးရနဲ့ KIO နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးကိုရှေးရှုပြီးမှ လုပ်ဆောင်နေတာတော့ရှိပါတယ်ဗျ။   ချက်ချင်းတော့မဖြစ်နိုင်ဘူးပေါ့ဗျာ။ ဖြည်းဖြည်းချင်းတော့ဖြစ်လာမှာပါ”

အစိုးရနှင့် KIO တိုက်ပွဲများသည် အလုပ်အဖွဲ့ တရားဝင်ဖွင့်လှစ်ခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့မှစ၍ ရှမ်းပြည်မြောက်ပိုင်းနှင့် တရုတ်နယ်စပ် မိုင်ဂျာယန်ဒေသတွင်း တိုက်ပွဲငယ်များ မကြာခဏဖြစ်ပွားခဲ့ပြီး ယခုလပိုင်းတွင်မူ ချီဖွေနယ်မြေသို့ ပြည်သူ့စစ်များနှင့် အစိုးရတပ် ပူးပေါင်းထိုးစစ်ဆင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ပွဲများဆက်လက်ဖြစ်ပွားခြင်းကြောင့် အသစ်ဖွင့်လှစ်လိုက်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အကြံပေးအဖွဲ့ Technical Advisory Team အနေဖြင့် ငြိမ်းချမ်းရေးဖောင်ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အဟန့်အတားဖြစ်နေသည်ဟု PCG မှ ဦးခပရာခွန်းအောင် ပြောသည်။

“Technical Team ကတော့ လောလောဆယ်တော့ အလုပ်တော့မလုပ်သေးပါဘူး။ အဲဒါနဲ့ပတ်သက်ပြီး သူတို့လည်း ကြိုးစားနေဆဲဖြစ်ပါတယ်။ သူတို့ဘယ်လိုဆက်သွားမယ်ဆိုတာကိုတော့ ကျွန်တော်တို့စောင့်ကြည့် နေဆဲဖြစ်ပါတယ်။ အစိုးရနဲ့ ဆွေးနွေးတာတွေကတော့ မလုပ်သေးပါဘူး။ ငြိမ်းချမ်းရေးအတွက် လုပ်မယ်လို့လုပ်နေတဲ့အချိန်မှာ တိုက်ပွဲတွေပြန်ဖြစ်လာတော့ သူတို့လည်းအံ့သြနေကြတာပေါ့။”

တိုက်ပွဲများသည် ရှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွားပြီးနောက် အတန်ကြာတည်ငြိမ်နေသော ချီဖွေနယ်မြေ အတွင်း အစိုးရတပ် ခမရ ၅၀၁ နှင့် အင်ဂျန်ယန်အမျိုးသားလွှတ်တော်အမတ် ဦးဇခုန်တိန့်ယိန်းဖွဲ့စည်းထား သော ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K နယ်ခြားစောင့်တပ်တို့ KIA တပ်ရင်း ၁၀ ကို ပူးပေါင်းထိုးစစ် ဆင်ခဲ့ရာ အစိုးရဖက်မှ ထိခိုက်မှုရှိပြီး လက်နက်ကျည်များကို သိမ်းယူခဲ့ကြောင်း KIO ဌာနချုပ်မှ အတည်ပြုပြောဆိုခဲ့သည်။

ယခုချိန်တွင် အဆိုပါတိုက်ပွဲများ ပြင်းထန်မှုမရှိရန် နှစ်ဖက်တပ်များမှ စစ်ရေးအခြေအနေများ အရှိန်ထိန်းသိမ်းနိုင်ရန်အတွက် အစိုးရနှင့် KIO ကြား အသီးသီး ညွှန်ကြားမှုများရှိနေသောကြောင့် မကြာမီ ဆွေးနွေးနိုင်မည်ဟုမျှော်လင့်ကြောင်း PCG ပြောခွင့်ရ ဦးလမိုင်ဂွမ်ဂျာက KNG ကချင်သတင်းဌာနသို့ ဆက်ပြောသည်။

“  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကလည်းပဲ ဒီပြည်သူ့စစ်အဖွဲ့တွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့အတွက် ဒါတွေနောက်နောင်မဖြစ်ဖို့အတွက် သတိပေးထားတဲ့အပိုင်းတော့ရှိပါတယ်။ ထိုနည်းတူစွာပဲ KIA ဖက်ကနေ လည်း အောက်ခြေမှာရှိတဲ့ သူတို့တပ်ဖွဲ့တွေကို  ကိုယ့်ဒေသကိုယ့်နယ်မြေမှာ  အခြေအနေတွေဆိုးဆိုးဝါးဝါး မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းလုပ်ပါလို့ပြောထားတော့ အချိန်မီ သူတို့ဖက်ကလည်း တားဆီးထားတာ တော့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထု အားလုံးကလည်း ငြိမ်းချမ်းရေးကိုမျှော်လင့်နေတာဖြစ် တဲ့အတွက်ကြောင့်မို့ ပြည်သူလူထုကိုရှေးရှုပြီးတော့မှ နိုင်ငံတော်အစိုးရကလည်း သဘောထားကြီးစွာ၊ KIO လည်း သဘောထားကြီးစွာ မကြာမီတော့ ဖြစ်သွားမယ်လို့ပဲ ကျွန်တော်ဒီလိုပဲ သုံးသပ်မိပါတယ်ဗျ။”

ပြည်သူလူထုမျှော်လင့်တောင့်တနေသော ဖယ်ဒရယ်ပြည်ထောင်စုဖြစ်လာရေးနှင့် ငြိမ်းချမ်းရေးကို အမြန်ဆုံးအကောင်ထည်ဖော်နိုင်ရန်မှာ နိုင်ငံတော်အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ လုပ်ဆောင်မှုတွင် မူတည်သွားလိမ့်မည်ဟု ၄င်းကဆိုသည်။

နှစ်ဖက်ဆွေးနွေးမှုများကို ပုံမှန်အကောင်ထည်ဖော်နိုင်ခြင်းမရှိသည်သာမက ကချင်ဒေသစစ်ရေးအခြေ အနေများသည် သတိဖြင့် နေရချိန်ဖြစ်သောကြောင့် ပြည်သူလူထု စစ်ပြေးဒုက္ခသည်များအတွက်လည်း နေရပ်ပြန်နိုင်ရေးသည် အလှမ်းဝေးနေသေးသည်ဟု ဒုက္ခသည်စောင့်ရှောက်သူများကသုံးသပ်ပြောဆိုခဲ့သည်။

အစိုးရလိုလားသော လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးသည် အစိုးရနှင့် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဖက်ယုံကြည်မှုပေါ်သာ မူတည်မည်ဖြစ်ကြောင်း KIO ဖက်မှပြောဆိုခဲ့သည်။

Most read this week