စစ်ရေးပဋိပက္ခကြောင့် ဒုက္ခသည်များနေရပ် ပြန်နိုင်ဦးမည်မဟုတ်

စစ်ရေးပဋိပက္ခကြောင့် ဒုက္ခသည်များနေရပ် ပြန်နိုင်ဦးမည်မဟုတ်
by -
ကချင်သတင်းဌာန

အစိုးရထိန်းချုပ်တဲ့ မြစ်ကြီးနားမြို့အနီး ၀ိုင်းမော်ဒုက္ခသည်ခန်းမှ အမျိုးသမီးတဦး။ နိုင်ငံတော်အစိုး ရနှင့် ကချင်လက်နက်ကိုင်များကြား တင်းမာနေသောစစ်ရေးပဋိပက္ခ အခြေအနေသည် အရှိန်လျှော့သဖွယ်ရှိသော် လည်း ချုပ်ငြိမ်းသွားခြင်းမရှိသေးသောကြောင့် စစ်ပြေးဒုက္ခသည်များ မိမိနေရပ်သို့ပြန်နိုင်မည်မဟုတ်ကြောင်း ဒုက္ခသည်ကော်မတီမှသိရသည်။

ကချင်ဒေသတဝှမ်း ထိုးစစ်ဆင်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည့် ၂ နှစ်တာကာလအတွင်း အစိုးရအုပ်ချုပ် နယ်မြေနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေသို့ ဒုက္ခသည် ၁ သိန်းကျော်ခန့် အသီးသီး အိုးအိမ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရာ လက်ရှိစစ်ရေးပဋိက္ခအခြေအနေကိုသုံးသပ်ခြင်းအားဖြင့် နေရပ်ပြန်နိုင်ရေး ကိစ္စသည် အလှမ်းဝေးနေဆဲဖြစ်သည်ဟု နယ်စပ် ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီဥက္ကဋ္ဌဆလန်ကဘာဒွဲပီ ဆာ ကပြောသည်။

“သူတို့ ဆက်လက်ပြီးမှဆွေးနွေးသွားတာလည်းမရှိတဲ့အတွက်ကြောင့်မို့ စစ်ရေးအခြေအနေက ဘာမှထူးထူး ခြားခြားမရှိဘူး။ ဒုက္ခသည်ကိစ္စ ဆွေးနွေးလာတာလည်းမရှိဘူး။ နောက် စစ်ရှိန်လျှော့တဲ့အခြေ အနေလည်း မရှိ သေးဘူး။ နောက် စစ်ရေးအခြေအနေလည်းပဲ သတိနဲ့ နေရတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြည်သူလူထုတွေ ကိုယ့်ဒေသပြန်မဲ့အခြေအနေက မဖြစ်သေးဘူး။ အခြေအနေမပေးသေးဘူးလို့ ဒီလိုပဲကျွန်တော်ပြောနိုင်တယ်။”

ကချင်ပြည်နယ်ငြိမ်းချမ်းရေးအမြန်ဆုံးဖော်ဆောင်နိုင်ရန်အတွက် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် KIO ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးမှုတွင်ဒုက္ခသည်အရေးကိုလည်းထည့်သွင်းစဉ်းစားရန်မျှော်လင့်ထား သော်လည်း ဆွေးနွေးမှုရလဒ်နှောင့်နှေးနေခြင်းသည် ဒုက္ခသည်အဖြစ်ရေရှည်ရပ်တည်ရန်ဖြစ်လာပြီး စိုးရိမ်ဖွယ်ဖြစ်သည်ဟု ဆိုသည်။

“အခုလောလောဆယ်တော့ တိုးလာတယ်လို့မပြောနိုင်ပေမယ့် အရင်ကထက် ပိုပြီးတာဝန်ကြီးလာတယ်။ ကျွန်တော်တို့က သူတို့ရဲ့ဘဝရပ်တည်ရေးကိုတော့ ဘာမှမပြောနိုင်သေးဘူး။ လုံခြုံတဲ့နေရာဆိုရင်လည်းပဲ အခုစစ်ပြေးဒုက္ခသည် စခန်းတည်တဲ့နေရာမှာဆိုရင် ဒါထက်အခြေအနေဆိုးလာရင်လည်းပိုးပြီးမှစိတ်ပူရ တာပေါ့။ နောက်ဒီမှာနေပြီးမှ ဘဝရပ်တည်ရေးဆိုတာ ဘာမှပြောလို့မရဘူးလေ။ ဘာမှလုပ်လို့မရဘူး။ လုပ်စားမဲ့နေရာလည်းမရှိဘူး။ အိမ်လည်းမရှိဘူးဆိုတော့ အပြင်ကနေ ကျွေးတာကိုပဲ အားကိုးပြီးမှ နေရာမဲ့အခြေအနေ ဒီလိုပဲဒီလိုပဲကျွန်တော်မြင်ပါတယ်။”

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းအောင်ဆောင်ရွက်မှုများအပါအဝင် ကချင်ပြည်နယ်ရှိ ဒုက္ခသည်များကို ကူညီထောက်ပံ့ရေးဆိုင်ရာကိစ္စရပ်များကို ဗြိတိန်နိုင်ငံ အောက်လွှတ် တော်ဥက္ကဌ H.E. Mr. John Bercow ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဇူလိုင်လအတွင်းတွေ့ဆုံဆွေးနွေး မှုရှိခဲ့သည်။

သို့သော် လတ်တလော မြန်မာအစိုးရ၏ ဖိတ်ကြားချက်နှင့် မြန်မာနိုင်ငံကို ၁၀ ရက်ကြာခရီးရောက်ရှိလာသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေးကင်တားနားကို KIO ထိန်းချုပ်နယ်မြေရှိ နယ်စပ်ဒုက္ခသည်စခန်းသို့ သွားရောက်လေ့လာရန် အစိုးရမှ ပိတ်ပင်ခဲ့ကြောင်းသိရသည်။

ထိုသို့ ပိတ်ပင်ခြင်းနှင့်ပတ်သက်၍ အစိုးရမှ နိုင်ငံတကာတွင် ဒုက္ခသည်များအခြေအနေမှန်ကို ဖုံးကွယ်ထား လိုခြင်းဖြစ်သည်ဟု ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီဥက္ကဌ ဆလန်ကဘာဒွဲပီဆာက ဝေဖန်ပြောဆိုခဲ့သည်။

“UN အရာရှိ မစ္စတာကင်တားနားက မြစ်ကြီးနားကနေ လိုင်ဇာကိုလာလေ့လာမယ်လို့သတင်းကြားတယ်။ ဒါပေမယ့် မြန်မာအစိုးရကနေ ခွင့်ပြုချက်မရှိလို့ ပြန်မရောက်နိုင်ဘူးလို့ဆိုတာ လောက်ပဲသိတယ်။  ဒုက္ခသည်တွေရဲ့အခြေအနေအမှန်ကိုသူတို့ မြင်သွားမှာကို အစိုးရမလိုလားဘူးလို့ပြောရမှာပါ” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

မေလ ၂၉ မှ ၃၁ထိ အစိုးရနှင့် ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့များ မြစ်ကြီးနားတွင်တွေ့ဆုံဆွေးနွေးခဲ့ချိန် ကလည်း  ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက မြစ်ကြီးနားမြို့ ၀ုိင်းမော်ရှိ ကချင်စစ်ပြေး ဒုက္ခသည်စာရင်း ၃၂၀၀၀ ကိုသာပြသခဲ့သောကြောင့် နယ်စပ်တလျှောက်တိမ်းရှောင်နေသောဒုက္ခသည်များ ကိုလျစ်လျူရှုထားခဲ့သည်ဟု ဆိုသည်။

ဒုက္ခသည်များရေရှည်ရပ်တည်ရေးအတွက် စိုးရိမ်ပူပန်ရသကဲ့သို့ နေရပ်ပြန်နိုင်သည့်အခြေအနေသို့ရောက်ပါက လည်း ဒုက္ခသည်များ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာနှင့် ဘဝ ပြန်လည်ထူထောင်ရေးကိစ္စများသည် အထူးဂရု ပြုရန်လိုမည်ဖြစ်ကြောင်း ကချင်လူမှုအဖွဲ့အစည်းများက ပြောဆိုသည်။

ယခုချိန် ကချင်ဒေသ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်၊ တရုတ်နယ်စပ်တလျှောက်တွင် ဒုက္ခသည်များ ခိုလှုံလျက်ရှိပြီး အထူးသဖြင့် KIO ထိန်းချုပ်နယ်မြေတွင် တိမ်းရှောင်နေသော ဒုက္ခသည် ရ၀၀၀၀ ကျော် အတွက် ကူညီရန်လိုအပ်နေဆဲဖြစ်သည်ဟု သိရသည်။

Most read this week